International News

ကမ္ဘောဒီးယားနိုင်ငံတကာကုန်စည်ပြပွဲ ၂၀၂၄ တွင် စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၂၅၀၀ က ပူးပေါင်းပါဝင်ပြသခဲ့

Last Updated:

နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ရှာဖွေရန်ရည်ရွယ်၍ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ Koh Pich Convention and Exhibition Centre ၌ ၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ထိ (၃) ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် “ ကမ္ဘောဒီးယား နိုင်ငံတကာကုန်စည်ပြပွဲ ၂၀၂၄ ” တွင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်ပေါင်း ၂၅၀၀ က ပူးပါင်းပါဝင်ပြသခဲ့ကြောင်း ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးများရုံးတာဝန်ခံ ဒုတိယဝန်ကြီးချုပ် Vongsey Vissoth က ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimulက အဆိုပါ ကုန်စည်ပြပွဲသည် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများရှိ အဓိကစီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများကြား ချိတ်ဆက်ဆောင်ရွက်ပေးနိုင်သည့် အခွင့်အရေးအပြင် ပါဝင်ပြသသူများ အကြားအတွေ့အကြုံများ မျှဝေနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၎င်း၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကိုပြသပြီး အလားအလာရှိသော စီးပွားရေးမိတ်ဖက်များနှင့်ဈေးကွက်များကို ဖော်ထုတ်နိုင်မည့် အခွင့်အလမ်းကောင်း တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့ပြင် နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရေးနှင့် အကူအညီပေးရေးအတွက် ဝန်ကြီးဌာန၏ ကတိကဝတ်များအပေါ် သံသယရှိစရာ မလိုကြောင်းနှင့် ကမ္ဘောဒီးယားအစိုးရ၏ ပြုပြင်ပြောင်းလဲမှု အစီအစဉ်များနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းများ၊ အထောက်အကူပြု စီးပွားရေး ပတ်ဝန်းကျင်တစ်ရပ်ကို ဖော်ဆောင်ပေးနေပြီဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယား၏ ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ် ပထမလေးလတွင် ၁၂ % ခန့် တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၆.၉၁၃ သန်းထိ ရောက်ရှိခဲ့ကြောင်း၊ အလားတူပို့ကုန်ကဏ္ဍမှာလည်း ၂ % ကျော် တိုးတက်ခဲ့ပြီး ကန်ဒေါ်လာ ၈ ဘီလီယံထိ ရောက်ရှိခဲ့ သောကြောင့် ကုန်သွယ်မှုအရှိန်အဟုန် မြင့်တက်လာကြောင်း၊ ယင်းကပင် အမျိုးသားစီးပွားရေး ဆောင်ရွက်ချက်များကို မြှင့်တင်ပေးနိုင် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: https://www.khmertimeskh.com

Source: ကုန်သွယ်ရေးဦးစီးဌာန၊ WTO ဌာနခွဲ

Source: https://commerce.gov.mm

Category: International News