International News

တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံတင်သွင်းမှု မြင့်တက်ဖွယ်ရှိ

Last Updated:

ကောက်ပဲသီးနှံ ရောင်းလိုအားပိုလျှံမှုနှင့် စားသုံးမှုကျဆင်းခြင်းတို့အရ ပြည်ပမှ ဝယ်ယူမှုကို ယခင်က ကြီးမားစွာ လုပ်ဆောင်ခဲ့ရခြင်းမရှိသော တရုတ်နိုင်ငံအနေဖြင့် ရာသီဥတုခြောက်သွေ့မှု ဒဏ်ကို ကြုံတွေ့ရခြင်းကြောင့် ဂျုံနှင့် ပြောင်းတို့ အထွက်လျော့ကျမည်ဟု ခန့်မှန်းရပြီး ကောက်ပဲသီးနှံ တင်သွင်းမှု မြင့်တက်လာဖွယ်ရှိသည်ဟု တရုတ်နိုင်ငံအခြေစိုက် စိုက်ပျိုးရေး အတိုင်ပင်ခံ လုပ်ငန်းဖြစ်သော BOABC ကို ကိုးကားလျက် Bloomberg သတင်းဌာနက ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ ဂျုံစိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၂၅ ခုနှစ် ဇွန်လတွင် ကုန်ဆုံးမည့် ဈေးကွက် ရာသီနှစ်အတွင်း ၁.၂၄% ‌လျော့နည်းလျက် တန်ချိန် ၁၃၄ သန်း ခန့်သာ ထွက်ရှိနိုင်ကြောင်း၊ အလား တူ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ ဈေးကွက်ရာသီကာလ၌ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုမှာ ၂.၂၆% လျော့နည်းလျက် တန်ချိန် ၂၈၂ သန်းခန့်သို့ ကျဆင်းထွက်ရှိနိုင်မည်ဖြစ်ကြောင်း BOABC က ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ အပူချိန်မြင့်မားမှုနှင့် မိုးရေချိန်လျော့နည်းရရှိမှုတို့သည် အဆိုပါကောက်ပဲသီးနှံများအား အဓိကစိုက်ပျိုးရာ နိုင်ငံ၏ မြောက်ပိုင်းနယ်မြေဒေသများတွင် ခြောက်သွေ့မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ၎င်း၏ အကျိုးဆက်က နွေသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်မှုရှိကြောင်း သိရှိရသည်။

ထိုကဲ့သို့ ဂျုံနှင့်ပြောင်း အဓိကစိုက်ပျိုးရာနယ်မြေများတွင် မြင့်မားသော အပူချိန်နှင့်အတူ ခြောက်သွေ့ရာသီဥတု ဖြစ်ပေါ်မှုသည် လာမည့် ၁၀ ရက်ခန့်ကာလအထိ ဆက်လက်တည်ရှိပြီး သီးနှံစိုက်ပျိုးမှုကို ဆိုးရွားစွာ ထိခိုက်စေဖွယ်ရှိသည်။ ခြောက်သွေ့မှုဒဏ်ကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် သီးနှံများ အဓိကစိုက်ပျိုးထုတ်လုပ်သူများထံသို့ ကိုယ်စားလှယ်အဖွဲ့များကို စိုက်ပျိုးရေးဝန်ကြီးဌာနက စေလွှတ်ထားကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားသည်။

Source: SS Rice News, 19 Jun 2024

Source: https://www.doca.gov.mm

Category: International News