Local News

မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် အာလူးများ အ‌ရောင်းအဝယ်ကောင်းနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် စားသောက်ကုန်ဈေးကွက်သို့ ရှမ်းပြည်နယ်ဘက်မှဝင်ရောက်လာသည့် အာလူးများအရောင်းအဝယ်‌ကောင်းနေကြောင်း မအူပင်မြို့နယ်မှ စားသောက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးအေးမိုးက ပြောပြ၍ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် စားသောက်ကုန်ဈေးကွက်သို့ ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် အာလူးများပုံမှန်ဝင်ရောက်လျက်ရှိကြောင်း၊ အဆိုပါ အာလူးများ ဇူလိုင်လ ဒုတိယပတ်မှစတင်ပြီး ဩဂုတ်လ ၂၆ ရက်နေ့ထိ အရောင်းအဝယ်ကောင်းလာပြီး လက်ရှိအာလူး ၁၀ ပိဿာလျှင် ငွေကျပ် ၄၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

“ရှမ်းပြည်နယ်ဘက်ကနေ မအူပင်မြို့နယ်ဘက်ကို အာလူးတွေပုံမှန်ဝင်ရောက်နေပါတယ်။ မနှစ်က အာလူး ၁၀ ပိဿာကို ငွေကျပ် ၃၅၀၀၀ ထိပဲ ပေါက်ဈေးရှိခဲ့ပါတယ်။ လက်ရှိ ၁၀ ပိဿာကို ငွေကျပ် ၄၅၀၀၀ ထိ ပေါက်ဈေးရှိပါတယ်။ အာလူးက လက်ရှိအရောင်းအဝယ်ကောင်းမွန်နေပါတယ်။ လက်ရှိတစ်ရက်ကို အာလူးပိဿာချိန် ၁၅၀၀ ထိ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဝင်ရောက်လာတဲ့ အာလူးတွေက လတ်ဆတ်ပြီး အရည်အသွေးကောင်းမွန်ပါတယ်” ဟု မအူပင်မြို့နယ်မှ စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးအေးမိုးက ပြောပြသည်။

မအူပင်မြို့နယ်တွင် ယခုလက်ရှိ အာလူးပိဿာချိန် ၁၀၀၀ မှ ၁၅၀၀ ထိ နေ့စဉ်အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အာလူးများအရောင်းအဝယ်ကောင်းမွန်နေခြင်းကြောင့် အာလူးစိုက်သည့် တောင်သူများ၊ ကုန်စည်သယ်ယူတင်ပို့သည့် လုပ်ငန်းရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများကောင်းမွန်စွာ လည်ပတ်လုပ်ကိုင်နေရကြောင်း မအူပင်မြို့နယ်မှ စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးအေးမိုးက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News