မန္တလေးဈေးကွက်အတွင်း ပခုက္ကူဘက်မှ ထွက်ရှိသည့် ကြက်သွန်နီများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း အောင်ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင် ဒေါ်မေသဲဆွေက ပြောပြ၍ သိရသည်။ ယခုလက်ရှိပခုက္ကူဘက်မှ ထွက်ရှိသည့် ကြက်သွန်နီများ မန္တလေးဈေးကွက်အတွင်း ကုန်သည်များ အဝယ်လိုက်လာခြင်းကြောင့် အရောင်းအဝယ်ကောင်းမွန် လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများကလည်း ပခုက္ကူဘက်မှ ထွက်ရှိသည့် ကြက်သွန်နီကို ဝယ်ယူမှုများရှိကြောင်း သိရသည်။ “အခုပခုက္ကူဘက်ကထွက်တဲ့ ကြက်သွန်နီတွေကို တချို့ကြက်သွန်နီ လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချ တဲ့ လုပ်ငန်းရှင်တွေအဝယ်တော်တော်များလာတယ်။ မန္တလေးဈေးကွက်ထဲမှာလဲ အရောင်းအဝယ် တော်တော်လေးကောင်းနေပါတယ်” ဟုအောင်ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင် ဒေါ်မေသဲဆွေက ပြောပြသည်။ မန္တလေးဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ ပခုက္ကူဘက်မှထွက်ရှိသည့် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၄၃၀၀ ထိ ပေါက်ဈေးရှိပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရသည်။ “မန္တလေးဈေးကွက်ထဲမှာ ဆိပ်ဖြူဘက်ကထွက်တဲ့ကြက်သွန်နီတွေလဲ အခုတစ်လော အရောင်းအဝယ်ကောင်းနေတယ်။ အရောင်းအဝယ် အ ကောင်းဆုံးအနေအထားမှာ ရှိနေတာကတော့ ပခုက္ကူဘက်ကထွက်ရှိတဲ့ အရည်အသွေးကောင်းမွန်တဲ့ ကြက်သွန်နီတွေပဲ ဖြစ်ပါတယ်” ဟုအောင်ကြက်သွန်နှင့် အာလူးပွဲရုံ ပိုင်ရှင် ဒေါ်မေသဲဆွေက ပြောပြသည်။ မန္တလေး ဈေးကွက်အတွင်း ပခုက္ကူ၊ မြင်းခြံ၊ ပျော်ဘွယ်နှင့် တောင်သာဘက်မှ ထွက်ရှိသည့် ကြက်သွန်နီများ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း၊ ယခုလတ်တလော ပခုက္ကူဘက်မှ ထွက်ရှိသည့် ကြက်သွန်နီများကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကလည်း ဝယ်ယူနေခြင်းကြောင့် မန္တလေးဈေးကွက်အတွင်း ကြက်သွန်နီများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း အောင် ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင် ဒေါ်မေသဲဆွေက ပြောပြ၍ သိရှိ ရသည်။
Source: ရတနာပုံ သတင်းစာ