ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်တွင် ဒေသထွက် ကြက်ဟင်းခါးသီးများ အရောင်းအဝယ်ကောင်းမွန်နေ ကြောင်း ကျိုက်လတ်မြို့နယ် ကုန်စိမ်းမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီတာက ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်တွင် ဒေသထွက် ကြက်ဟင်းခါးသီးများ နိုဝင်ဘာလဒုတိယပတ်မှ စတင်ပြီး ယနေ့ထိ ဝယ်လိုအား ကောင်းကာ အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသထွက် ကြက်ဟင်းခါးသီးများ တစ်ရက်လျှင် အလုံးရေ ၁၇၀၀၀ မှ ၂၅၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ “ကျိုက်လတ်မြို့နယ်ကနေ ထွက်ရှိတဲ့ ကြက်ဟင်းခါးသီးတွေ အဝယ်လိုက်ပြီး အရောင်းအဝယ်ကောင်းလာတယ်။ ကြက်ဟင်းခါးသီးတွေကို ဒေသဈေးကွက်နဲ့ အခြားဒေသ ကုန်စိမ်းဈေးကွက်က ဝယ်လက်တွေက အဝယ်များနေပါတယ်။ လက်ရှိ တစ်ရက်ကို ကြက်ဟင်းခါးသီး အလုံးရေ ၂၅၀၀၀ ထိ ရောင်းချနေရပါတယ်။ ဒေသထွက် ကြက်ဟင်းခါးသီးတွေက ပိုးမွှားကင်းရှင်းပြီး အရည်အသွေးကောင်းမွန်တာ တွေ့ရပါတယ်” ဟု ကျိုက်လတ်မြို့နယ်ကုန်စိမ်းမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီ တာက ပြောပြသည်။ ကျိုက်လတ်မြို့နယ်တွင် အရောင်းအဝယ်ကောင်းမွန်နေသည့် ကြက်ဟင်းခါးသီးအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၂၀၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါဒေသထွက် ကြက်ဟင်းခါးသီးများနှင့် အခြားကုန်စိမ်းများကို ပုသိမ်၊ ကျောင်းကုန်း၊ ပန်းတနော်၊ မအူပင် စသည့်ဒေသများသို့ တင်ပို့ရောင်းချနေကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ