Local News

တနင်္သာရီတိုင်းဒေသကြီး၌ ယခုနှစ်တွင် ရော်ဘာဈေးကောင်း၍ ရော်ဘာစိုက်တောင်သူများ အကျိုးဖြစ်ထွန်း

Last Updated:

တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ယခုနှစ် ရော်ဘာခြစ်ရာသီတွင် ရော်ဘာဈေးကောင်းရရှိ၍ ရော်ဘာစိုက်တောင်သူ များ အကျိုးအမြတ်ပိုမိုရရှိနေကြောင်း သိရသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ စက်မှုသီးနှံတစ်မျိုးဖြစ်သည့် ရော်ဘာကို အဓိကစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သူများပြားပြီး ယခင်နှစ်က ဈေးနှုန်းများတည်ငြိမ်မှုမရှိသော်လည်း ယခုနှစ်တွင် ပြည်ပမှ ဝယ်ယူလာသည့်အတွက် ပြည်တွင်းရော်ဘာဈေးကွက်အတွင်း၌ ဈေးအတက်ဘက်ကို ဦးတည်နေကြောင်း တုံးဗျောကျေးရွာမှ ရော်ဘာစိုက်ခြံရှင် တစ်ဦးက ပြောကြားသည်။ ရော်ဘာကို ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ပေ ၁၀၀၀ ကျော်ထိ စိုက်ပျိုးနိုင်ပြီး အပူအအေးပြောင်းလဲမှုနည်းသော ရာသီဥတုကို ကြိုက်နှစ်သက်ကြောင်း၊ အပူချိန်အနည်းဆုံး ၅၅ ဒီဂရီဖာရင်ဟိုက်မှ ၁၀၀ ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် အသင့်တော်ဆုံးမိုးရေချိန်မှာ ၈၀-၁၆၀ လက်မထိ ဖြစ်သည်။ ယခုနှစ်တွင် ရော်ဘာစိုက်တောင်သူများအနေဖြင့် ဈေးကောင်းရရှိနေသော်လည်း ရော်ဘာခြစ်လုပ်သားငှားရမ်းမှုတွင် အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ ရော်ဘာနှစ်စဉ်ထွက်ရှိသည့် အချိန်မှာ အောက်တိုဘာလဆန်းပိုင်းမှ စတင်ပြီး ရော်ဘာစိုက်ခြံရှင်များအနေဖြင့် ရော်ဘာစေးခြစ်ယူရကြောင်း ရော်ဘာစိုက်တောင်သူတစ်ဦးက ပြောသည်။ ရော်ဘာစိုက်တောင်သူများ စိုက်ပျိုးစရိတ်အနေဖြင့် စတင်စိုက်ပျိုးသည့်နှစ်တွင် တစ်ပင်ကို ငွေကျပ် ၄၀၀၀ ခန့် ကုန်ကျမှုရှိပြီး နောက်နှစ်များတွင် မြေအောင်းပိုးသတ်ဆေး၊ လုပ်သားခ အပါအဝင် ကုန်ကျစရိတ်မှာ ရော်ဘာပင် တစ်ပင်ကို ငွေကျပ် ၁၀၀၀ ခန့် ကုန်ကျမှုရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်ထွက်ရှိမှုနှင့် ပြည်ပသို့ တင်ပို့မှုအများဆုံးမှာ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ထွက်ရှိသည့် ရော်ဘာများမှာ အကောင်းဆုံးဖြစ်ကြောင်း ရော်ဘာဈေးကွက်အတွင်းမှ သိရသည်။ ရော်ဘာသည် ၁၈၇၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာပြီး တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် မြိတ်မြို့တွင် အစောဆုံးစိုက်ပျိုးခဲ့ကာ ၁၉၀၅ ခုနှစ်တွင် စီးပွားဖြစ် စတင်စိုက်ပျိုးလုပ်ကိုင်ခဲ့ကြောင်းသိရသည်။ ရော်ဘာသည် စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းတွင် အရေးပါသလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတွင်လည်း အရေးပါသော man make forest ဖြစ်၍ သဘာဝပတ်ဝန်း ကျင်ကို အကျိုးပြုစေသည့်အပြင် ရော်ဘာပင်မှ ရော်ဘာသစ်၊ ထင်း၊ ရော်ဘာပြား၊ ရော်ဘာအစေးရည်၊ ဆွဲဖတ်ခွက်ကပ်မှ သည် တန်ဖိုးမြင့် ထုတ်ကုန်များစွာကို ထုတ်လုပ်နိုင်ကြောင်း သိရှိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News