Local News

ပြည်တွင်းရွှေဈေး ဆက်မြင့်တက်လာချိန်တွင် (၂၉) သိန်းအောက်ဖြင့်သာ ရောင်းချသင့်ကြောင်း ရန်ကုန်ရွှေအသင်း သတိပေး

Last Updated:
     ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးကွက်တွင် ဈေးနှုန်းငြိမ်နေသော်လည်း ပြည်တွင်းရွှေဈေးနှုန်းမှာ အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားလျင် သိန်း (၃၀) ကျော်အထိ မြင့်တက်လာ ကြောင်း ပြင်ပရွှေဈေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်ကာလအပြီးတွင် ဈေးကွက်အတွင်း၌ ရွှေဈေးနှုန်း တဖြည်းဖြည်းမြင့်တက်လာရာမှ ယနေ့ ဧပြီလ (၂၇) ရက်တွင် သိန်း (၃၀) အထက်သို့ မြင့်တက်လာခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
     ယနေ့ (၂၇) ရက်နေ့ နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန်တွင် ပြည်တွင်းရွှေဈေးကွက်အတွင်း အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျင် ၃၀၁၀၀၀၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိပြီး ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ၂၃၅၅၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

      သင်္ကြန်ကာလအပြီးမှ စတင်ကာ ဈေးနှုန်းတစ်စတစ်စပြန်လည်မြင့်တက်လာရာမှ ယနေ့ နံနက်ပိုင်းမှစတင်ကာ သိန်း ၃၀ ကျော်အထိ မြင့်တက်လာခြင်း ဖြစ်သည်။   အဆိုပါ   ပြည်တွင်း ရွှေဈေးနှုန်းမြင့်တက်မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းရွှေအသင်းက ယနေ့ ညနေပိုင်းတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ‌ရွှေဈေးနှုန်းကို (၂၉) သိန်းအောက်တွင်သာ   ရောင်းဝယ်သင့် ကြောင်း သုံးသပ်ထားသည်။
      ယနေ့ ဧပြီလ (၂၇) ရက် ရန်ကုန်ရွှေအသင်း၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁၉၉၉  ဒေါ်လာဖြစ်ပြီး   အနည်းငယ်   ပြန်လည်မြင့်တက် လာ ကြောင်း တွေ့ရသည်။
      ယမန်နေ့ ညနေပိုင်း ပြည်တွင်း ရွှေဈေးကွက်ပိတ်ချိန်တွင် အခေါက်ရွှေတစ်ကျပ်သားလျင် ၂၉၉၈၀၀၀ ကျပ်ဖြင့်ဈေးပိတ်ခဲ့ကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းမှ သိရသည်။

Source: Popular News Journal
 

Category: Local News