International News

၂၀၂၄ ခုနှစ် ပထမသုံးလပတ်၌ ထိုင်းနိုင်ငံ၏ သရက်သီးတင်ပို့မှု ၂ ဆကျော်မြင့်တက်

Last Updated:

၂၀၂၄ ခုနှစ် ပထမသုံးလပတ်၌ ထိုင်းနိုင်ငံ၏ လတ်ဆတ်သော သရက်သီးတင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဘတ် ၁.၆ သန်းခန့်အထိ ၁၃၀% မြင့်တက်လာခဲ့ကြောင်း၊ အလားတူကာလအတွင်း၌ပင် ကောက်ညှင်းဆန်တင်ပို့မှုသည် ဘတ် ၁ သန်းခန့်အထိ ၁၃ % မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

ထိုင်းသရက်သီးကောက်ညှင်းအား TasteAtlast ဝက်ဘ်ဆိုဒ်တွင် ကမ္ဘာ့ဒုတိယအကောင်းဆုံး ဆန်ပူတင်းအဖြစ် မကြာသေးမီက အဆင့်သတ်မှတ်ပေးခဲ့ရာ နိုင်ငံအများအပြားတွင် လူကြိုက်များသည့် အချိုပွဲအဖြစ် နာမည်ကျော်ကြားလာခဲ့ကြောင်းနှင့် အဆိုပါဖြစ်ရပ်ကြောင့် ထိုင်းနိုင်ငံအတွက် ပို့ကုန်တိုးမြှင့်ရန်နှင့် အာဆီယံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ ချီလီ၊ ပီရူးနှင့် ဟောင်ကောင်နိုင်ငံတို့နှင့် ချုပ်ဆိုထားသည့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များကို အသုံးပြုရန်တို့အတွက် အခွင့်အလမ်းကောင်းဖြစ်လာစေခဲ့ကြောင်း ကုန်သွယ်မှုညှိနှိုင်းရေးဌာန ညွှန်ကြားရေးမှူးချုပ် Chotima Lemsawasdikul က (၁၆-၅-၂၀၂၄ ရက်နေ့၊ ကြာသပတေးနေ့) တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် လက်ရှိတွင် ကမ္ဘာ့ပဉ္စမမြောက် သရက်သီးအများဆုံးတင်ပို့သည့် နိုင်ငံ ဖြစ်ပြီး ကောက်ညှင်းဆန် ဒုတိယအများဆုံးတင်ပို့သည့်နိုင်ငံဖြစ်သည်။ အာဆီယံ (၉) နိုင်ငံအနက် လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကသာ ထိုင်းနိုင်ငံမှတင်သွင်းသောသရက်သီးအပေါ် သွင်းကုန်ခွန် ၅ % ကောက်ခံသည်ဟု Chotima က ပြောကြားခဲ့ပါသည်။ ထိုင်းသရက်သီးအား တရုတ်၊ ဂျပန်၊ ဟောင်ကောင်၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ ချီလီနှင့် ပီရူးနိုင်ငံတို့သည် သွင်းကုန်ခွန် ကောက်ခံခြင်းမရှိသော်လည်း တောင်ကိုရီးယားနိုင်ငံသည် သွင်းကုန် ခွန် ၂၄ % ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။
သြစတြေးလျ၊ နယူးဇီလန်၊ ဟောင်ကောင်၊ လာအို၊ ကမ္ဘောဒီးယား၊ စင်္ကာပူ၊ ဘရူနိုင်းနှင့် ချီလီတို့သည် ထိုင်းကောက်ညှင်းဆန်အပေါ် သွင်းကုန်ခွန် ကောက်ခံခြင်းမရှိပဲ တရုတ်နိုင်ငံမှ သွင်းကုန်ခွန် ၅၀% ကိုလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ ၃၀% ကိုလည်းကောင်း၊ မလေးရှားနိုင်ငံမှ ၃၂ % ကိုလည်းကောင်း အသီးသီးလျှော့ချဖြတ်တောက်ထားကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံသည် အေးခဲထားသော အသင့်စားသုံးနိုင်သည့် သရက်သီးကောက်ညှင်းပေါင်းအား သွင်းကုန်ခွန်ကောက်ခံခြင်းမရှိသည့် နိုင်ငံ ၁၆ နိုင်ငံသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

Source: Thai PBS World, 16 May, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News