International News

၂၀၂၅ ခုနှစ်အတွက် အခွန်ခန့်မှန်းချက် ကျဆင်းလာမှုကြောင့် ဂျာမနီသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ

Last Updated:

ဂျာမနီဘဏ္ဍာရေးဝန်ကြီးဌာနသည် လာမည့်နှစ်၏ အခွန်ရငွေတွင် ကြိုတင်မျှော်မှန်းထားသည်ထက် ယူရို (၂၁.၉) ဘီလီယံခန့် လျော့နည်းလိမ့်မည်ဟု ၂၀၂၃ နှစ်ကုန်တွင် ခန့်မှန်းထားပါ သည်။

ယင်းကြိုတင်ခန့်မှန်းချက်အသစ်အရ ဂျာမနီနိုင်ငံ၏ ဗဟိုအစိုးရ၊ ပြည်နယ်နှင့် ဒေသဆိုင်ရာ အစိုးရများအနေဖြင့် ချွေတာသုံးစွဲရန် လိုအပ်ကြောင်း ဂျာမန်ဘဏ္ဍာရေးဝန်ကြီး Mr. Christian Lindner က ပြောကြားခဲ့သည်။

အသုံးစရိတ်များသုံးစွဲခြင်းနှင့် ချေးငွေများရယူခြင်းတို့သည် ယခုကာလ၌ ဂျာမနီနိုင်ငံ၏ သုံးပါတီညွန့်ပေါင်းအစိုးရအတွင်း သဘောထားကွဲလွဲမှု၏ အဓိကအချက်ဖြစ်ပါသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ကြိုတင်ခန့်မှန်းချက် ထုတ်ပြန်ရာ၌ ဖော်ပြခဲ့သည့် ပမာဏထက် ယူရို (၁၅.၅) ဘီလီယံခန့် လိုငွေပြသွားခြင်းသည် ယခင်မျှော်မှန်းထားသည်ထက် အခွန်ကောက်ခံရရှိမှု လျော့နည်းသွားသောကြောင့်ဖြစ်သည်ဟု Mr. Lindner က ပြောကြားခဲ့ သည်။

ပြန်လည်ပြင်ဆင်ထားသော ခန့်မှန်းချက်သည် ငွေများကောင်းကင်မှ ပြုတ်ကျလာသကဲ့သို့ နိုင်ငံအတွင်း ဝင်ငွေရရှိမှု များပြားလာလိမ့်မည်ဟု ထင်ယောင်ထင်မှား ဖြစ်နေသူများအားလုံး ၏ထင်မြင်ချက်များအားလုံးကို ဖျက်ဆီးပစ်လိမ့်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရလိုချင်တောင့်တမှုအခြေအနေများအပေါ် ၎င်းအနေဖြင့် ဂါထာတစ်ခုကဲ့သို့ အမြဲမပြတ် အကြိမ်ကြိမ် ပြောဆိုနေမှုမှာ ယခုအခါ၌ အဖြူနှင့်အမည်း ကွဲပြားစွာရှိလာပြီဖြစ်၍ ကြိုတင်မှန်းဆနိုင်သော အနာဂတ် ကာလတွင် ဘဏ္ဍာငွေအသစ် ခွဲဝေလျာထားသုံးစွဲရန် မရှိတော့ကြောင်း၊ မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ်တွင်သာ အလေးထားရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

ထို့ပြင် ၂၀၂၅ ခုနှစ် ဖယ်ဒရယ်ဘတ်ဂျက်အတွက် ဆွေးနွေးမှုများ ဆောင်ရွက်ရာတွင် သဘော ထားကွဲလွဲမှုများရှိနေသည့်အတွက် စိန်ခေါ်မှုများ ဆက်လက်ရှိနေလိမ့်မည်ဖြစ်ကြောင်းနှင့်ယင်းကိစ္စများကို ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် စည်းကမ်းနှင့် စိတ်စွမ်းအားလိုအပ်ကြောင်း ဂျာမနီ ၏ အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့ဝင် (၃) ပါတီအနက် ဘဏ္ဍာရေးဆိုင်ရာ ရှေးရိုးစွဲပါတီ ဖြစ်သော စီးပွားရေးကို အလေးထားသည့် လွတ်လပ်သော ဒီမိုကရက်တစ်ပါတီ (FDP) ၏ ခေါင်းဆောင်ဖြစ်သူ ဘဏ္ဍာရေးဝန်ကြီး Mr. Lindner က ပြောကြားခဲ့သည်။

ဂျာမန်အစိုးရ၏ ၂၀၂၄ ခုနှစ်ဘတ်ဂျက်သည် ဂျာမနီ၏ ညွန့်ပေါင်းအစိုးရအတွက် အထူး စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်အသုံးစရိတ်အတွက် မူလလျာထားသည့် အရေးပေါ် ရန်ပုံငွေများအား အခြားကိစ္စရပ်များအတွက် ပြန်လည်ပြောင်းလဲအသုံးပြုခြင်းကို တားမြစ်ထား သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး၏ စီရင်ချက်သည် ဝန်ကြီးဌာနများကို အခက်တွေ့စေခဲ့ပြီး၊ ယခုနှစ် တစ်နှစ်တည်းအတွက်ပင် အကြမ်းဖျင်းအားဖြင့် ယူရို (၁၇) ဘီလီယံခန့် ဖြည့်ဆည်းရန် လိုအပ်နေကာ နောက်လာမည့်နှစ်များအတွက်လည်း ပိုမိုလိုအပ်နေလိမ့်မည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။

ဂျာမနီအစိုးရ၀န်ကြီးဌာနအချို့သည် Mr. Lindner ချမှတ်ထားသည့် အသုံးစရိတ် ချွေတာ ရေးနည်းလမ်းများကို ၎င်းတို့အနေဖြင့် စွဲမြဲစွာ လိုက်ပါဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့ကြပါသည်။

ယခုထွက်ပေါ်လာသော ရလဒ်များသည်  လာမည့်နှစ်များ၌ ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများ ပိုမိုကြီးမားလာဖွယ်ရှိနိုင်သည်ကို သက်သေပြနေကြောင်း၊ ဂျာမနီအနေဖြင့် ယခုနှစ်တွင် ဂျီဒီပီ ၀.၃ ရာခိုင်နှုန်းခန့်သာ တိုးလာမည်ဟု ခန့်မှန်းထားခြင်းခံထားရသော တိုးတက်မှု အားနည်းနေသည့် အတွေ့အကြုံလည်း ရှိထားပြီးဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင်မူ ဂျီဒီပီ တိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်း၊ စီးပွားရေးနှေးကွေးနေမှုအပေါ် တုံ့ပြန်နိုင်မည့် အစီအမံများကို ယခုအချိန်တွင် မဆောင်ရွက်နိုင်ပါက ဖက်ဒရယ်အစိုးရအတွက် ပိုမိုဆိုးရွားစေ လိမ့်မည်ဖြစ်ကြောင်း၊ ပိုမိုများပြားလာသော ကြွေးမြီများအတွက် ထပ်မံကြွေးမြီယူနေရုံဖြင့် လုံလောက်မည် မဟုတ်ကြောင်းနှင့် စီးပွားရေးဆိုင်ရာ အလှည့်အပြောင်းတစ်ခု လိုအပ်နေသည်မှာ သိသာထင်ရှားပါကြောင်း Mr. Lindner က ပြောကြားခဲ့သည်။

ထို့ပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားကောင်းစေရေးအတွက် အလေးပေးဆောင်ရွက်ရန် လိုအပ်ပြီး စီးပွားရေး ခိုင်မာတောင့်တင်းလာပါက စဉ်းစားတွေးခေါ်၍ လိုလားအပ်သော အသုံး စရိတ်များကိုသာ သုံးစွဲသွားရန် လိုအပ်ကြောင်း၊ German Renewable Energy Sources Act အရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို တိုးချဲ့ထုတ်လုပ်သုံးစွဲသွားရမည့် ကိစ္စမှာလည်း နောက်ထပ် စွန့်စားမှု တစ်ခုဖြစ်လာနိုင်ကြောင်းနှင့်  ယခုနှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ယူရို (၁၀) ဘီလီယံသာ ခန့်မှန်းထားသော်လည်း နောက်ထပ် (၉) ဘီလီယံခန့် ပိုလာနိုင်ကြောင်း Mr. Lindner က ကိုးကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

 

Source:  https://www.dw.com/en/germany-faces-challenge-as-2025-tax-forecast- sinks/a-69102992

(ဒေါ်သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်)

Category: International News