Local News

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စိုက်ပျိုးရာသီတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ရိုဘက်စတာကော်ဖီ ဧက ၁၀၀၀ ထိ စိုက်ပျိုးသွားမည်

Last Updated:

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စိုက်ပျိုးရာသီတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ရိုဘက်စတာကော်ဖီ ဧက ၁၀၀၀ ထိ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏သတင်းများအရ သိရသည်။

ရိုဘက်စတာမြေနိမ့်ကော်ဖီမျိုးများသည် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၂၅၀၀ အောက်နှင့် မိုးရေချိန် လက်မ ၆၀ မှ လက်မ ၁၀၀ ကြားတွင် စိုက်ပျိုးရန် သင့်တော်သည့် ကော်ဖီအမျိုးအစားများဖြစ်ကြောင်း၊ အဆိုပါ ရိုဘက်စတာကော်ဖီသည် ကမ္ဘာ့ဈေးကွက်ဝင်ကော်ဖီအမျိုးအစားဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၏ ရာသီဥတုနှင့်လည်း စိုက်ပျိုးနိုင်သည့် အခြေအနေတွင်ရှိကြောင်း သိရသည်။

ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများတွင် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် မျိုး၏ကောင်းမွန်သော မူလဗီဇအရည်အသွေးများကို ထိန်းသိမ်းထားနိုင်ခြင်း၊ အပင်ပေါက်နှုန်း ကောင်းမွန်ညီညာ၍ ကြီးထွားမှုမြန်ဆန်စေခြင်း၊ မြေဩဇာ၊ အစိုဓာတ်၊ အလင်းရောင်တို့ကို ပိုမိုအသုံးပြုနိုင်စေခြင်း၊ ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိခြင်း၊ ရင့်မှည့်မှုညီညာပြီး ခူးဆွတ်ရာတွင် အလေအလွင့်နည်းပါးခြင်း၊ သီးနှံအထွက်နှုန်းတစ်ဧကလျှင် ၂ ဒသမ ၈၂ တန်ထွက်ရှိနိုင်သဖြင့် နိုင်ငံခြားဝင်ငွေ တိုးပွားရရှိလာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာစေမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သစ်တောအစုအဖွဲ့လုပ်ငန်းရှင်များအနေဖြင့် မိမိတို့စိုက်ပျိုးထားသော သစ်ပင်များမှ ဝင်‌ငွေရရှိနေကြောင်း၊ ရိုဘက်စတာကော်ဖီကို သီးညှပ်စိုက်ပျိုးခြင်းအားဖြင့် နှစ်သီးပေါ်မှ ဝင်ငွေပိုမိုတိုးတက်ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့တွင် Linght House Co., Ltd မှ ပြည်တွင်းမှထွက်ရှိသည့် ကော်ဖီကိုဝယ်ယူကာ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အမှုန့်ကြိတ်၍ ပြည်ပဈေးကွက်များသို့ နှစ်စဉ်တင်ပို့ရောင်းချပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စိုက်ပျိုးရာသီတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ရိုဘက်စတာကော်ဖီ ဧက ၁၀၀၀ ထိ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News