Local News

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ကွမ်းသီးအနု ပိဿာချိန် ၁၁၀၀၀၀ ထိ တင်ပို့နိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် မေလအတွင်း ကွမ်းသီးအနု ပိဿာချိန် ၁၁၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းသီးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်စုခိုင်က ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်းက ကွမ်းသီးအနုပိဿာချိန် ၇၈၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကွမ်းသီးအနုပိဿာချိန် ၁၁၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ကွမ်းသီးအနုများ တင်ပို့အားကောင်းလာခြင်းသည် ပြည်ပဈေးကွက်က ကွမ်းသီးအနုများ ဝယ်လိုအားကောင်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“ပြည်ပဈေးကွက်က အမှာကုန်များလာလို့ ရန်ကုန်ဈေးကွက်ကို အများအပြားတင်ပို့နေရတာ ဖြစ်ပါတယ်။ ကွမ်းသီးအနု တင်ပို့ရောင်းချတဲ့လုပ်ငန်း အတော်လေးသွက်လာပါတယ်။ လက်ရှိ မော်လမြိုင်ကျွန်းမြို့နယ်ကနေ တင်ပို့ရောင်းချနေတဲ့ ကွမ်းသီးအနု ၁၀ ပိဿာကို ငွေကျပ် ၉၅၀၀၀ ထိ ဈေးပေါက်နေပါတယ်။ ရန်ကုန်ဈေးကွက်ကနေတစ်ဆင့် ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချနေတာပါ။ ကွမ်းသီးအနုရဲ့ ပြည်ပအဓိကဈေးကွက်က တရုတ်နိုင်ငံပါ။ လက်ရှိ ကွမ်းသီးအနုတွေ အရောင်းအဝယ်ဖြစ်နေတော့ ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေ အဆင်ပြေပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုခိုင်က ပြောပြသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှထွက်ရှိသည့် ကွမ်းသီးအနုများကို ကုန်သည်များက ကွမ်းသီးခြံများအရောက် သွားရောက်ဝယ်ယူပြီး စနစ်တကျ ရွေးချယ်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်ဈေးကွက်မှတစ်ဆင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News