Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ပန်းခရုပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်း‌ဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ပန်းခရု ပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဝင်းမြတ်က ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇွန်လအတွင်း ပန်းခရုပိဿာချိန် ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း ပန်းခရုပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“လပွတ္တာမြို့နယ်ကနေ ပန်းခရုတွေအပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ရေထွက်ကုန်တွေထဲမှာ ပန်းခရု ပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ လက်ရှိမှာလဲ လပွတ္တာမှရေထွက်ကုန်တွေကို အဝယ်လိုက်နေပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ပန်းခရုတွေ လတ်ဆတ်မှုနဲ့ အရွယ်အစားအလေးချိန်ပေါ်မူတည်ပြီး ဈေးအပြောင်းအလဲရှိပါတယ်။ ပန်းခရုတွေကို လတ်တလောပင်လယ်စာအရောင်းဆိုင်တွေက အဝယ်လိုက်နေတာကြောင့် အခုလိုတင်ပို့အားကောင်းလာတာပါ။ တင်ပို့အားကောင်းလာတော့ ရေလုပ်ငန်းရှင်တွေနဲ့ အရောင်းအဝယ်သမားတွေ အဆင်ပြေလာပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမြတ်က ပြောပြသည်။

လပွတ္တာမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ပန်းခရု တစ်ပိဿာလျှင် ငွေကျပ် ၁၉၀၀၀ ထိ ပေါက်ဈေးရရှိကြောင်း အဆိုပါဒေသမှ ပန်းခရုများအပြင် အခြားရေထွက်ကုန်များ အရောင်းအဝယ်ကောင်းမွန်လာသည့်အတွက် ရေလုပ်သားများ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမြတ်ထံမှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News