Local News

မအူပင်မြို့ ပဲမျိုးစုံရောင်းဝယ်ရေးဈေးကွက်၌ ထောပတ်ပဲနီ(အပြားကြီး)များ အရောင်းအဝယ်ကောင်းနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့ ပဲမျိုးစုံရောင်းဝယ်ရေးဈေးကွက်၌ ထောပတ်ပဲနီ(အပြားကြီး)များ အရောင်းအဝယ်ကောင်းနေကြောင်း မအူပင်မြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ခိုင်ခိုင်ဝင်းက ပြောပြ၍ သိရသည်။

မအူပင်မြို့ ပဲမျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် အောက်တိုဘာလတစ်လလုံးတွင် ထောပတ်ပဲနီ(အပြားကြီး) ၂၄ ပြည်ဝင် အိတ်ရေ ၅၄၀၀ ထိသာ ရောင်းချခဲ့ရကာ လက်ရှိနိုဝင်ဘာလ ပထမပတ်မှစတင်ပြီး ယနေ့(နိုင်ဝင်ဘာလ ၂၄)ရက်နေ့ထိ ထောပတ်ပဲနီ(အပြားကြီး) ၂၄ ပြည်ဝင်အိတ်‌ရေ ၇၆၀၀ ထိ အရောင်းအဝယ်ကောင်းနေကြောင်း၊ အဆိုပါ ထောပတ်ပဲနီ(အပြားကြီး) များ အရောင်းအဝယ်ကောင်းလာခြင်းသည် ပြည်တွင်းဈေးကွက်တွင် ထောပတ်ပဲနီများ အဝယ်လိုက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“လက်ရှိ ဒေသဈေးကွက်မှာ အခြားပဲတွေထက် ထောပတ်ပဲနီ(အပြားကြီး) ဝယ်လိုအားကောင်းလာပါတယ်။ ပြည်တွင်းဈေးကွက်မှာ ထောပတ်ပဲနီ(အပြားကြီး) တွေအဝယ်လိုက်နေပြီး ပြည်ပပဲဈေးကွက်ကိုလဲ ပြည်တင်ပို့နေလို့ အခုလိုဝယ်လိုအား ကောင်းလာတာလို့ ရန်ကုန်ဘက်က ကုန်သည်တွေဆီကနေ သိရတယ်။ လက်ရှိ နိုဝင်ဘာလ ပထမပတ်လောက်ကနေ အဝယ်လိုက်လာတာပါ။ အခုရက်ပိုင်းအတွင်း ထောပတ်ပဲနီ(အပြားကြီး)ကို စိုက်ပျိုးသူတွေနဲ့ ပဲသိုလှောင်ထားတဲ့ ကုန်သည်တွေရောင်းအားကောင်းနေတဲ့ အခြေအနေမှာရှိနေပါတယ်” ဟု မအူပင်မြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခိုင်ခိုင်ဝင်းကပြောပြသည်။

မအူပင်မြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် အရောင်းအဝယ်ကောင်းနေသည့် ထောပတ်ပဲနီ(အပြားကြီး) ၂၄ ပြည်ဝင်တစ်အိတ်လျှင် ငွေကျပ် ၉၇၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News