မန္တလေးဈေးကွက်အတွင်း အောင်ပန်းမှထွက်ရှိသည့် ကြက်သွန်ဖြူများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း အောင်ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင် ဒေါ်မေသဲဆွေက ပြောပြ၍ သိရသည်။ မန္တလေးဈေးကွက်အတွင်း နိုဝင်ဘာလ နောက်ဆုံးပတ်မှစ၍ အောင်ပန်းမှ ထွက်ရှိသည့် ကြက်သွန်ဖြူများ အရောင်းအဝယ်ကောင်းမွန်လာကြောင်း၊ ယခုလက် ရှိတွင် ကြက်သွန်ဖြူများကို ပြည်တွင်းဈေးကွက်အပြင် ပြည်ပနိုင်ငံများကလည်း မှာယူမှုများရှိကြောင်း သိရသည်။ “အခု မန္တလေးဈေးကွက်ထဲမှ အောင်ပန်းဘက်ကနေ ထွက်ရှိတဲ့ ကြက်သွန်ဖြူတွေကို ကုန်သည်တွေက အဝယ်တော်တော် များလာတယ်။ ပြည်တွင်းကော ပြည်ပကပါ ကြက်သွန်ဖြူတွေ အဝယ်လိုက်လာတာကြောင့် မန္တလေးဈေးကွက်ထဲမှာ အရောင်းအဝယ်က သိသိသာသာကို ကောင်းမွန်လာပါတယ်” ဟု အောင်ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင် ဒေါ်မေသဲဆွေက ပြောပြသည်။ အောင်ပန်းဘက်မှ ထွက်ရှိသည့် ကြက်သွန်ဖြူများမှာ မန္တလေးဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ ကြက်သွန်ဖြူတစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀ ခန့်ထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။ “အခုလတ်တလော အောင်ပန်းဘက်ကနေ မန္တလေးကို တင်ပို့တဲ့ ကြက်သွန်ဖြူတွေကို ရန်ကုန်နဲ့ အခြားမြို့ကြီးတွေကိုလဲ ပြန်ပြီးတင်ပို့နေရပါတယ်။ လတ်တလောမန္တလေးဈေးကွက် အတွင်းမှာ ကြက်သွန်ဖြူတွေ လက်ကျန်ရှားပါးနေပေမဲ့ ဈေးကတော့ ပုံမှန်အနေအထားမှာပဲ ရှိပါတယ်” ဟူ အောင်ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင် ဒေါ်မေသဲဆွေက ဆက်လက်ပြောပြ၍ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ