Local News

ဟင်္သာတမြို့နယ်တွင် ထောပတ်ပဲနီများ အရောင်းအဝယ်ကောင်းလျက်ရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ထောပတ်ပဲနီ(အပြားကြီး)များ အ‌ရောင်းအဝယ်‌ကောင်းလျက်ရှိကြောင်း ဟင်္သာတမြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နှင်းနှင်းက ပြောပြ၍ သိရသည်။

ဟင်္သာတမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် လက်ရှိမတ်လ ဒုတိယပတ်မှစ၍ ယနေ့(မတ်လ ၂၈)ရက်နေ့ထိ  ထောပတ်ပဲနီ(အပြားကြီး)များ ဝယ်ယူမှုကောင်းနေပြီး အ‌ရောင်းသွက်နေခြင်းဖြစ်ကြောင်း၊ တစ်ပတ်လျှင် ထောပတ်ပဲနီ(အပြာကြီး) ၂၄ ပြည်ဝင်အိတ်ရေ ၂၀ ထိ အ‌ရောင်းသွက်နေကြောင်း၊ ထိုသို့ ထောပတ်ပဲနီ(အပြားကြီး) ဝယ်ယူမှုကောင်းပြီး အရောင်းသွက်နေခြင်းသည် ပြည်တွင်းဈေးကွက်တွင် အဝယ်လိုက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“လက်ရှိ ဒေသဈေးကွက်မှာ အခြားပဲတွေထက် ထောပတ်ပဲနီဝယ်လိုအား ကောင်းလာပါတယ်။ ပြည်တွင်းဈေးကွက်က ထောပတ်ပဲနီတွေ အဝယ်လိုက်နေပြီး အ‌ရောင်းသွက်လာတာဖြစ်ပါတယ်။ ပြည်ပပဲဈေးကွက်ကို ပြန်တင်ပို့နေလို့ အခုလိုဝယ်လိုအားကောင်းလာတာပါ။ အခု မတ်လဒုတိယပတ်လောက်ကနေ အဝယ်လိုက်လာတာပါ။ လက်ရှိထောပတ်ပဲကို စိုက်ပျိုးသူတွေနဲ့ ပဲသိုလှောင်ထားတဲ့ကုန်သည်တွေ ရောင်းအားကောင်းနေတဲ့အခြေအနေမှာရှိနေပါတယ်။ ထောပတ်ပဲနီက လာမဲ့ပဲပေါ်ရာသီထိ အရောင်းအဝယ်ကောင်းနေဖို့ပဲရှိပါတယ်” ဟု ဒေါ်နှင်းနှင်းက ပြောပြသည်။

ဟင်္သာတမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် အရောင်းအဝယ်ကောင်းနေသည့် ထောပတ်ပဲနီ ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၉၈၅၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါထောပတ်ပဲနီများ ဝယ်လိုအားကောင်းလာခြင်းကြောင့် ပဲသိုလှောင်ထားသည့်လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ကုန်ယာဉ်အငှားလိုက်သူများ၊ ကုန်ထမ်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာကြောင်း သိရသည်။

Source:  ရတနာပုံသတင်းစာ

Category: Local News