Local News

မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်မှဝင်လာသည့်အာလူးများ အ‌ရောင်းအဝယ်ကောင်းနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်မှဝင်ရောက်လာသည့် အာလူးများ အရောင်းအဝယ်ကောင်းနေကြောင်း မအူပင်မြို့နယ်စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီရိက ပြောပြ၍ သိရသည်။ မအူပင်မြို့ဈေးကွက်အတွင်း ရှမ်းပြည်နယ်မှ အာလူးများဝင်ရောက်လျက်ရှိပြီး မေလဒုတိယပတ်မှစတင်၍ ဝယ်ယူမှုကောင်းပြီး အ‌ရောင်းသွက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်မှဝင်ရောက်လာသည့် အာလူး ၁၀ ပိဿာလျှင် ငွေကျပ် ၂၉၅၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

“မအူပင်ဈေးကွက်ထဲကို ရှမ်းပြည်နယ်က အားလူးတွေဝင်ရောက်နေပါတယ်။ စားသုံးမှုများလာတာနဲ့ အာလူးကြော်လုပ်ငန်းတွေပြန်လည် လည်ပတ်လာတာကြောင့် အသုံးများနေတာ။ ဒါကြောင့်ဝယ်လိုအားများပြီး အရောင်းသွက်နေတာပါ။ ဝင်ရောက်လာတဲ့ အာလူးတွေက လတ်ဆတ်မှုရှိပါတယ်။ အရည်အသွေးလဲကောင်းတယ်။ လက်ရှိ အာလူးတစ်ပိဿာကို ငွေကျပ် ၃၀၀၀ ထိ ဈေးပေါက်နေတယ်။ လက်ရှိ အာလူးတွေကပြည်တွင်းဈေးကွက်မှာကို အ‌ရောင်းအဝယ်ကောင်းနေတာပါ” ဟု မအူပင်မြို့နယ် စားသောက်ကုန်ရောင်းဝယ်‌ရေးပွဲရုံပိုင်ရှင် ဒေါ်သီရိက ပြောပြသည်။

မအူပင်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေးနှင့် အာလူးပွဲရုံများတွင် တစ်ရက်လျှင် အာလူးပိဿာချိန် ၂၅၀ မှ ၅၀၀ ထိ အ‌ရောင်းအဝယ်ဖြစ်နေကြောင်း၊ အဆိုပါဒေသများမှ ဝင်ရောက်လာသည့်အာလူးများ အရောင်းအဝယ်ကောင်းလာသည့်အတွက် ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ၊ လုပ်သားများ၊ ပွဲရုံပိုင်ရှင်များ၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာကြောင်း ဒေါ်သီရိက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News