International News

ဆီအုန်းကဏ္ဍ၌ အိန္ဒိယနိုင်ငံနှင့် မလေးရှားနိုင်ငံ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

Last Updated:

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီး Mr. Shivraj Singh Chouhan နှင့် မလေးရှားစိုက်ခင်းနှင့် ကုန်စည်များဆိုင်ရာ ဝန်ကြီး Datuk Seri Johari Abdul Ghani တို့သည် ၁၈-၇-၂၀၂၄ ရက်၊ ကြာသပတေးနေ့၌ တွေ့ဆုံရာတွင် နှစ်နိုင်ငံကြား စားအုန်းဆီနှင့် အခြားကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း အိန္ဒိယအခြေစိုက် Economic Times သတင်းဌာနက ဖော်ပြပါသည်။

မလေးရှားဝန်ကြီးသည် အိန္ဒိယနိုင်ငံနှင့် မလေးရှားနိုင်ငံ နှစ်နိုင်ငံကြား စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်စေမည့် အခွင့်အလမ်းများကို ဆွေးနွေးရန်အတွက် ထိုသို့တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံဝန်ကြီးများသည် အိန္ဒိယအစိုးရက အကောင်အထည်ဖော်လျက်ရှိသည့် စားသုံးဆီဆိုင်ရာ အမျိုးသားအဆင့် မျှော်မှန်းချက် (National Mission on Edible Oil) အစီအစဉ်တွင် အထူးသဖြင့် ဆီအုန်းကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိသည်ကို ဖော်ပြခဲ့ကြကြောင်း၊ စိုက်ပျိုးရေးနှင့် ဆက်စပ်ထွက်ကုန်များအတွက် စျေးကွက်ရရှိရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး၊ စိုက်ခင်းကဏ္ဍတွင် ဒစ်ဂျစ်တယ်နည်းပညာ အသုံးချနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်အရ သိရှိရသည်။

အိန္ဒိယနိုင်ငံသည် မလေးရှားနိုင်ငံမှ ဟင်းသီးဟင်းရွက်ဆီ အများဆုံးတင်သွင်းသည့်နိုင်ငံများတွင် ပါဝင်ကြောင်း၊ အိန္ဒိယနိုင်ငံသည် စားအုန်းဆီများကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ အဓိကဝယ်ယူနေပြီး အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ ပဲပုပ်ဆီနှင့် နေကြာဆီတို့ကို အဓိကတင်သွင်းကြောင်း သတင်းရရှိပါသည်။

Source: Economic Times, 18 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News