Local News

ကျိုက်လတ်မြို့နယ်တွင် ငါးမြွေထိုးခြောက်များ အရောင်းအဝယ်ကောင်းနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်တွင် ဒေသထွက်ကုန် ငါးမြွေထိုးခြောက်များ အရောင်းအဝယ်ကောင်းနေကြောင်း ကျိုက်လတ်မြို့နယ်မှ ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဝင်းက ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်တွင် လက်ရှိ ဇန်နဝါရီလ ပထမပတ်မှ ယနေ့(ဇန်နဝါရီလ ၂၉)ရက်နေ့ထိ ဒေသထွက်ကုန် ငါးမြွေထိုးခြောက်များ အရောင်းအဝယ်ကောင်းလျက်ရှိပြီး တစ်ရက်လျှင် ငါးမြွေထိုးခြောက် ပိဿာချိန် ၁၀၀ မှ ၂၀၀ ထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အဆိုပါဒေသမှ ထွက်ရှိသည့် ငါးမြွေထိုးခြောက်များကို ဒေသတွင်းဈေးကွက်အပြင် ပုသိမ်၊ ရန်ကုန်၊ နေပြည်တော် စသည့်မြို့များက မှာယူမှုများပြားနေကြောင်း သိရသည်။

“အခုဇန်နဝါရီလ ပထမပတ်လောက်ကတည်းက အရောင်းသွက်ခဲ့တာပါ။ လက်ရှိတော့ ပုံမှန်ထက်ကို တော်တော်‌လေး အရောင်းအဝယ်ကောင်းနေပါတယ်။ ရန်ကုန်ဈေးကွက်က ငါးခြောက်တွေကို မှာယူမှုအားတက်နေလို့ပါ။ ငါးမြွေထိုးခြောက်လုပ်ငန်းက ကျိုက်လတ်မြို့နယ် ဒေသခံတွေရဲ့ ဒေသစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ အခုလို ငါးခြောက်တွေ မှာကုန်များလာတာကြောင့် ငါးမြွေထိုးခြောက် လုပ်ငန်းနယ်ပယ်အသီးသီးက သူတွေလဲ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာပါတယ်” ဟု ကျိုက်လတ်မြို့နယ်မှ ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဝင်းက ပြောပြသည်။

ကျိုက်လတ်မြို့နယ်တွင် ငါးခြောက်ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ဒေသထွက်ငါးမြွေထိုး အစိမ်းများကိုဝယ်ယူပြီး အချို၊ အငန်စပ်ကာ စနစ်တကျအခြောက်လှန်းစားသုံးရန်အဆင့်ထိပြုလုပ်ပြီး ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးမြွေထိုးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၂၅၀၀ မှ ၂၅၀၀၀ ထိ ဈေးပေါက်နေကြောင်း ဒေါ်ခင်ခင်ဝင်းက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News