Local News

ယခုနှစ် သရက်ရာသီတွင် တရုတ်ဈေးကွက်ထက် ပြည်တွင်းဈေးကွက်၌ အဓိကထား ရမည်ဟုဆို

Last Updated:

ယခုနှစ် သရက်ရာသီတွင် ပုံမှန်တင်ပို့ရောင်းချသော်လည်း သယ်ယူပို့ဆောင်ရေးအခြေအနေနှင့် စရိတ်ကြီးမြင့်မှုကြောင့် တရုတ်ဈေးကွက်ထက် ပြည်တွင်းဈေးကွက်ကို အဓိကထားရောင်းချရမည်ဖြစ်ကြောင်းသိရသည်။ ယခင်က မူဆယ်လမ်းကြောင်းတင်ပို့ရာတွင် လမ်းခရီး၌ ၃ ရက်ခန့်သာကြာမြင့်ပြီး သယ်ယူစရိတ်သက်သာသော်လည်း လက်ရှိတွင်  တာလော့ဘက်မှ တင်ပို့ရမည်ဖြစ်၍ လမ်းခရီးတွင် ပိုမိုကြာမြင့်ပြီး စရိတ်ပိုများသည်ဟု နှစ်စဉ် တရုတ်နိုင်ငံသို့သရက်သီးတင်ပို့ရောင်းချသူတစ်ဦးကပြောသည်။

“အရင်က တရုတ်ဈေးကွက်ကို အမြဲပို့နေတာပါ။ ဒီနှစ်ကတော့ ပြည်တွင်း ဈေးကွက်ကိုပဲ ဦးစားပေးရမယ်လို့ အားလုံးကခန့်မှန်းကြပါတယ်။ အဓိက သယ်ယူပို့ယူဆောင်စရိတ်မှာ ပြဿနာရှိနိုင်တယ်။ တရုတ်နိုင်ငံတင်ပို့တဲ့ လမ်းကြောင်းမှာ ၅ ရက်လောက်ကြာနိုင်တော့ သရက်သီးအရည်အသွေးနိမ့်သွားမယ်။ ဈေးကောင်းရဖို့ မလွယ်တော့ ပြည်တွင်းဈေးကွက်ကို အားကိုးရမှာပါ”ဟု ၎င်းကပြောသည်။

ယခင်က တင်ပို့စရိတ်မှာ သရက်တစ်ဖာလျင် ငွေကျပ် ၁၀၀၀ ကျော်သာဖြစ်သော်လည်း လက်ရှိတွင် စက်သုံးဆီဈေးမြင့်မားခြင်းနှင့် လမ်းပိုင်းအခြေအနေအရ တစ်ဖာလျင် ငွေကျပ် ၅၀၀၀-၁၀၀၀၀ ဝန်းကျင်ရှိနိုင်ကြောင်း၊ လမ်းခရီး၌ အချိန်ကြာမြင့်ပြီး ရာသီဥတုပူပြင်းမှုကြောင့် တင်ပို့သည့် သရက်သီးများမှာ အရည်အသွေးကျဆင်းသဖြင့် ဈေးကောင်းရမည်မဟုတ်ကြောင်းသိရသည်။

“မနှစ်ကလည်း ပြည်တွင်းမှာ သရက်သီးတွေ တော်တော်ရောင်းကောင်းတယ်။ တရုတ်ဘက်တင်ပို့လို့ရတဲ့နှုန်းနဲ့ သိပ်မကွာဘူးဆိုတော့ ဒီနှစ်မှာလည်း ပြည်တွင်းဈေးကွက်ကို ဦးစားပေးရောင်းရမယ့် အခြေအနေပါ။ သရက်တောင်သူတွေမှာလည်း တရုတ်ငွေဈေး ဘယ်လောက်ကောင်းကောင်း အရည်အသွေးမကောင်းရင် အရှုံးပေါ်နိုင်တယ်"  မတ္တရာ သရက်ခြံပိုင်ရှင် ကိုသန်းကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်ဈေးကွက်ဝယ်လိုအားနှင့် ဈေးကွက်အခြေအနေသိရှိရန် သရက်သီး တန် ၃၀ နီးပါးတင်ပို့ခဲ့ကြောင်း၊ တရုတ်နိုင်ငံဘက်တင်ပို့ရာတွင် လမ်းခရီး၌ ကြံ့ကြာမှုမရှိဘဲ လျင်မြန်စွာရောက်ရှိပါက ဈေးကွက်အနေအထား ပြောင်းလဲမှုရှိနိုင်ကြောင်းသိရသည်။ သရက်သီးကို ပြည်တွင်းစားသုံးမှုများပြား၍ တစ်နှစ်နှင့် တစ်နှစ် ဈေးကွက်ဝယ်လိုအားများပြားလျက်ရှိခြင်းကြောင့် တရုတ်ဈေးကွက်တင်ပို့ခြင်းထက် ပြည်တွင်းဈေးကွက်သို့ရောင်းချရန် ဦးတည်နေကြပြီး လက်ရှိတွင်စိန်တလုံး သရက်သီးတစ်လုံးလျင် ငွေကျပ် ၁၅၀၀ ဝန်းကျင်ဖြင့် လူမှုကွန်ယက်မှ ရောင်းချနေကြောင်းသိရသည်။

Source: မကွေးဂျာနယ်

Category: Local News