Local News

မအူပင်မြို့နယ် ပဲမျိုးစုံဈေးကွက်၌ ထောပတ်ပဲနီများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပဲမျိုးစုံဈေးကွက်၌ ထောပတ်ပဲနီများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း မအူပင်မြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခိုင်ခိုင်ဝင်းက ပြောပြ၍ သိရသည်။ မအူပင်မြို့နယ် ပဲမျိုးစုံဈေးကွက်တွင် လက်ရှိ ဇူလိုင်လဒုတိယပတ်မှစတင်၍ ဇူလိုင်လ ၂၉ ရက်နေ့ထိ ထောပတ်ပဲနီများ ဝယ်ယူများပြားနေပြီး အ‌ရောင်းအဝယ်ကောင်းနေကြောင်း၊ အဆိုပါ ထောပတ်ပဲနီများကို ပြည်တွင်းဈေးကွက်မှ ဝယ်ယူမှုများပြားနေ၍ ထောပတ်ပဲနီများ အဝယ်လိုက်လာခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိ ဒေသဈေးကွက်မှာ အခြားပဲတွေထက် ထောပတ်ပဲနီက ဝယ်ယူမှုကောင်းလာပါတယ်။ ပြည်တွင်းဈေးကွက်က ထောပတ်ပဲနီတွေ အဝယ်လိုက်နေပြီး အရောင်းသွက်လာတာဖြစ်ပါတယ်။ ပြည်ပပဲဈေးကွက်က မှာယူမှုများနေလို့ အခုလို အ‌ရောင်းအဝယ်‌ကောင်းလာပါတယ်။ လက်ရှိ ဇူလိုင်လ ဒုတိယပတ်လောက်ကနေ အဝယ်လိုက်လာတာဖြစ်ပါတယ်။ လက်ရှိထောပတ်ပဲကို စိုက်ပျိုးသူတွေနဲ့ပဲ သိုလှောင်ထားတဲ့ ကုန်သည်တွေ အရောင်းအဝယ်ကောင်းနေတဲ့အခြေအနေမှာ ရှိနေပါတယ်။ ထောပတ်ပဲနီက လာမဲ့ပဲပေါ် ရာသီထိ အရောင်းအဝယ်ကဆက်ပြီး ကောင်းမွန်နေဖို့ပဲရှိတယ်” ဟု မအူပင်မြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခိုင်ခိုင်ဝင်းက ပြောပြသည်။

မအူပင်မြို့နယ် ပဲမျိုးစုံဈေးကွက်တွင် အရောင်းအဝယ်ကောင်းနေသည့် ထောပတ်ပဲနီ ၂၄ ပြည်ဝင်တစ်အိတ်လျှင် ငွေကျပ် ၁၁၇၀၀၀ ထိပေါက်ဈေးရှိကြောင်း၊ အဆိုပါ ထောပတ်ပဲနီများ ဝယ်ယူမှုများပြားလာခြင်းကြောင့် ပဲသိုလှောင်ထားသည့်လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ၊ ကုန်တင်၊ ကုန်ချလုပ်သားများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News