Local News

မန္တလေးမြို့ရဲ့ ဆီထွက်သီးနှံ မြေပဲဈေးကွက်

Last Updated:

ဆီထွက်သီးနှံများတွင် နှမ်းသီးနှံကိုဧရိယာအများဆုံးစိုက်ပျိုးကြပြီး မြေပဲသီးနှံကို ဒုတိယ အများဆုံး စိုက်ပျိုးကြပါသည်။ မြေပဲကိုအပူပိုင်း၊ အပူသမပိုင်းနဲ့ သမပိုင်းရာသီဥတုရှိတဲ့ နေရာတွေမှာ စိုက်ပျိုးကြပြီး မြေပဲဆီစားသုံးမှုအနေနဲ့ ကမ္ဘာတစ်ဝှမ်း တန်သန်းပေါင်းများစွာ သုံးစွဲမှုရှိသော သီးနှံတစ်ခုဖြစ်ပါသည်။ မြေပဲသီးနှံကို နုံးမြေနှင့် သဲနုံးမြေတို့သည် မြေပဲစိုက်ရန် အသင့်တော်ဆုံးဖြစ်၍  မန္တလေးတိုင်း‌ဒေသကြီး၏ ရေ၊မြေ၊ရာသီဥတုနှင့် ကိုက်ညီမှုရှိရာ တိုင်းတွင်းစိုက်ပျိုးမှု အများဆုံး ဒေသများဖြစ်သော မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့တွင် တစ်တိုင်းလုံး စိုက်ဧက၏  ၆၇% ခန့် စိုက်ပျိုးကြပါသည်။  မြေပဲစိုက်ပျိုးဖို့ အသင့်တော်ဆုံး အချိန်မှာ မိုးဦး-မေ-ဇွန်၊ မိုးလယ်-ဩဂုတ်၊ မိုးနှောင်း -အောက်တိုဘာ-နိုဝင်ဘာ ဖြစ်ပြီး   အထွက်ကောင်းမျိုးများဖြစ်သော ဆင်းပဒေသာ ၅၊ ၆၊ ၇၊ ၉၊ ၁၀ မကွေး ၁၁၊ ၁၅ မျိုးများနှင့် ပင်ပြန့်ကျောင်းကုန်းမျိုးများကို မြေပဲသီးနှံသီးသန့် (သို့) ပဲစဉ်းငုံ၊ နှမ်းတို့နဲ့ သီးညှပ် အနေဖြင့် စိုက်ပျိုးကြပါသည်။ တိုင်းဒေသကြီးအတွင်း မြေပဲသီးနှံကို ဧက ၆ သိန်း ကျော်ခန့် စိုက်ပျိုးရာ အထွက်နှုန်း ၄၇ တင်းခန့်နှင့် အထွက်တင်း သိန်းပေါင်း (၃၀၀)ကျော်ခန့် ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။  

မြေပဲသီးနှံမှာ ဆီဓာတ်ပါဝင်မှု အများဆုံးဖြစ်ပြီး စားသုံးဆီအတွက် အဓိကထား အသုံးပြုရုံ သာမက ဆီပါဝင်မှုသင့်တင့်ပြီး အစေ့အဆန်ကြီးတဲ့ မြေပဲမျိုးတွေကို မြေပဲထောပတ်၊ မြေပဲယို၊ မြေပဲလှော်၊ မြေပဲပွကြော်ပြုလုပ်ရာမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြပါတယ်။ ဆီထုတ်ယူပြီး ကျန်ရှိ သည့်မြေပဲဖတ်ကို တိရစ္ဆာန်အစာအဖြစ်လည်းအသုံးပြုကြပါသည်။ မန္တလေးကုန်စည်ဒိုင်တွင်လက်ရှိဖြစ် ပေါ်နေသော မြေပဲဆံနှင့် မြေပဲဖတ်တစ်ပိဿာဈေးနှုန်းများမှာ S1 လုံးဆန်အသစ် ၁၁၂၀၀-၁၁၅၀၀ ကျပ်၊ S1 အညာဆီဆံ ၁၁၀၀၀-၁၁၂၀၀ ကျပ်၊ S1 ဆီဆံ(သံလမ်း) ၁၀၅၀၀-၁၀၈၀၀ ကျပ်၊ အနီလုံးဆံ (ဝိုင်း) ၁၀၈၀၀-၁၁၀၀၀ ကျပ်၊ အနီလုံးဆံ(ရှည်) ၁၀၃၀၀-၁၀၅၀၀ ကျပ်၊အနီဆီဆံ (အညာ) ၁၀၃၀၀-၁၀၅၀၀ ကျပ် ဈေးတို့ရှိပြီး၊ ပဲဆီ တစ်ပိဿာ ၁၇၀၀၀-၁၉၀၀၀ ကျပ်၊ ပဲဖတ် တစ်ပိဿာ ၇၄၅၀-၇၅၀၀ ကျပ်တို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဇွန်လဆန်းပိုင်း ဈေးနှုန်းများအနေဖြင့် S1 လုံးဆန်အသစ် ၁၀၆၀၀-၁၀၈၀၀ ကျပ်၊S1 အညာဆီဆံ ၁၀၀၀၀-၁၀၃၀၀ ကျပ်၊S1 ဆီဆံ(သံလမ်း) ၉၇၀၀-၉၈၀၀ ကျပ်၊ အနီလုံးဆံ(ဝိုင်း) ၁၀၅၀၀-၁၀၈၀၀ ကျပ်၊ အနီလုံးဆံ (ရှည်) ၁၀၀၀၀-၁၀၃၀၀ ကျပ်၊အနီဆီဆံ (အညာ) ၉၇၀၀-၁၀၀၀၀ ကျပ် ဈေးတို့ရှိပြီး၊ ပဲဆီ တစ်ပိဿာ ၁၆၀၀၀-၁၈၀၀၀ ကျပ်၊ ပဲဖတ် တစ်ပိဿာ ၇၅၀၀ ကျပ်တို့ဖြစ်ပြီး ယခုရက်ပိုင်းတွင် ဇွန်လဆန်း ဈေးနှုန်းများထက် ဈေးအနည်းငယ်မြင့် တက်လာမှု ရှိကြောင်း သိရပါသည်။

Source:   https://www.doca.gov.mm/ 

Category: Local News