နေပြည်တော်၊ ဇန်နဝါရီလ ၃၁ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး၊ ဦးထွန်းနိုင်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သည့် လေ့ကျင့်ရေးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။
ညွှန်ကြားရေးမှူး၊ ဦးထွန်းနိုင်က ပြောကြားရာတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေနဲ့ “ပို့ကုန်လုပ်ငန်းရှင်များသို့ ကုန်သွယ်မှုသတင်းအချက် အလက်များ ပံ့ပိုးပေးရန်နဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရဲ့ ဝန်ထမ်းများကို အစီရင်ခံစာပြုစုခြင်း လေ့ကျင့်ရေးအလုပ်ရုံ ဆွေးနွေးပွဲ” ဖြစ်ပါကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) တွင် ပါရှိသော ကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများမှ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှု ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍ၏ မဟာဗျူဟာမြောက်ရည်မှန်းချက်များ (Strategic Objectives) ရဲ့ အမှတ်စဉ် ၃ ဖြစ်တဲ့ ကုန်သွယ်မှုသတင်းအချက်အလက်များရဲ့ အရည်အသွေးနှင့် အချိန်မီရရှိနိုင်မှု တိုးတက်လာစေရန်နှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ရည်မှန်းချက်များ (Operational Objectives) -၃.၂ ဖြစ်တဲ့ ပို့ကုန်လုပ်ငန်းရှင်များနဲ့ နိုင်ငံခြားအဝယ်တော်များသို့ ဝန်ဆောင်မှုပေးရန် ခွဲခြမ်းစိတ်ဖြာချက်ဆိုင်ရာ Trade Information စွမ်းရည်များ ပိုမိုအားကောင်းစေရန်အတွက်ရေးဆွဲထားတဲ့ ဆောင်ရွက်မည့်လုပ်ငန်းစဉ် (Plan of Action - ၃.၂.၁) ပါ လုပ်ငန်းစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်မှုတစ်ခု ဖြစ်ကြောင်း ပြောကြားသည်။
ဆောင်ရွက်မဲ့လုပ်ငန်း (Activity) အမှတ် ၃.၂.၁ ပါ အချက်များဖြစ်တဲ့ ဈေးကွက်/ စီးပွားရေး/ ကုန်သွယ်ရေး ဝင်ရောက်ယှဉ်ပြိုင်မှုအတွက် အရေးကြီးသတင်း ခွဲခြမ်းစိတ်ဖြာမှုမှာ ကျွမ်းကျင်အဆင့် စွမ်းရည်များရှိတဲ့ စွမ်းရည်ဗဟိုပြုဆရာများ ပြုစုပျိုးထောင်ရန်၊ ပြည်သူ့ကဏ္ဍ အကျိုးတူပူးပေါင်း ဆောင်ရွက်သူများ (CSO၊ MoC၊ MoPFI) နဲ့ ပုဂ္ဂလိကကဏ္ဍ အကျိုးတူပူးပေါင်းဆောင်ရွက်သူများ (MRA၊ UMFCCI၊ ကဏ္ဍအလိုက် အသင်းအဖွဲ့များ) အတွက် လေ့ကျင့်ရေး အလုပ်ရုံဆွေးနွေးပွဲများ လုပ်ဆောင်ရန်နဲ့ ဈေးကွက်အခွင့်အလမ်းများပေါ် မူတည်ပြီး အနှစ်ချုပ်သုံးသပ်ချက် ဖော်ထုတ်ရန်တို့ ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ပထမအဆင့်အနေနဲ့ စွမ်းရည်ဗဟိုပြုဆရာများ ပြုစုပျိုးထောင်ရန်အတွက် ဝါချည်ဝါဂွမ်းနဲ့ ကော်ဖီစတဲ့ ကုန်ပစ္စည်းနှစ်မျိုးကို ဈေးကွက်သုတေသနအသင်း (MRA) က ဆရာ၊ ဆရာမများရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရဲ့ ဝန်ထမ်းများက အစီရင်ခံစာပြုစုခြင်းကို လေ့ကျင့်သင်ယူခဲ့ကြောင်း ပြောကြားသည်။
ဒုတိယအဆင့်အနေနဲ့ ပြုစုထားတဲ့ ဝါချည်ဝါဂွမ်းနှင့် ကော်ဖီ အစီရင်ခံစာများနဲ့ပတ်သက်ပြီး ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ပြည်သူ့ကဏ္ဍ အကျိုးတူပူးပေါင်း ဆောင်ရွက်သူများဖြစ်တဲ့ ဌာနဆိုင်ရာများမှ ပညာရှင်များ၊ ပုဂ္ဂလိကကဏ္ဍ အကျိုးတူ ပူးပေါင်းဆောင်ရွက်သူများဖြစ်တဲ့ UMFCCI နဲ့ ကဏ္ဍအလိုက် အသင်းအဖွဲ့များမှ ဈေးကွက်အတွေ့အကြုံရှိ လုပ်ငန်းရှင်များ၏ သုံးသပ်အကြံပြုချက်များကို ရယူပြီး အနှစ်ချုပ်အစီရင်ခံစာကို အချောသတ် ပြုစုကြမှာဖြစ်ပါကြောင်း၊ မြန်မာစီပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ပို့ကုန်လုပ်ငန်းရှင်များအတွက် ဈေးကွက်အစီရင်ခံစာကို ထုတ်ပြန်ပေးမှာ ဖြစ်ပါကြောင်း၊ အနှစ်ချုပ် အစီရင်ခံစာကို အချောသတ်ပြုစုသည့်နေရာမှာ အချက်အလက်ပြည်စုံစေဖို့အတွက် ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများမှပညာရှင်များ၊ ပုဂ္ဂလိက ကဏ္ဍအကျိုးတူပူးပေါင်းဆောင်ရွက်သူများဖြစ်သည့် UMFCCI နှင့် ကဏ္ဍအလိုက်အသင်း အဖွဲ့များမှ ဈေးကွက်အတွေ့အကြုံရှိ လုပ်ငန်းရှင်များအားလုံးတို့က ဝိုင်းဝန်ဆွေးနွေး အကြံပြုကြရန် ပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူဝန်ထမ်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ ဈေးကွက်သုတေသနအသင်း၊ မြန်မာနိုင်ငံကော်ဖီအသင်း၊ မြန်မာနိုင်ငံဝါနှင့်ဝါထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၃၀) ဦး တက်ရောက်ခဲ့ကြောင်းနှင့် အခမ်းအနားကို နေ့လယ် (၁၂) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။