Local News

စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံနီးပါးရရှိထား

Last Updated:

      ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ မေလ (၁၉) ရက်အထိ တစ်လကျော်ကာလအတွင်း ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၈၉ ဒဿမ ၅၀၆ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ အဆိုပါ ပို့ကုန်ရ‌ငွေ ပမာဏမှာ ပြီးခဲ့သည့်နှစ် ကာလတူ နှင့် နှိင်းယှဉ်ပါက အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်လျော့ကျနေကြောင်းလည်း အဆိုပါ စာရင်းများအရ သိရသည်။

     ပြည်ပသို့ ပုဂ္ဂလိကကဏ္ဍမှ စက်မှုကုန်ချောတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၅၆၈ ဒဿမ ၀၆ သန်း နှင့် နိုင်ငံပိုင်ကဏ္ဍတင်ပို့မှုမှ ကန်ဒေါ်လာ ၄၂၁ ဒဿမ ၄၄၇ သန်း ရခဲ့ခြင်းဖြစ်သည်။ပြည်ပသို့ မြန်မာနိုင်ငံမှ လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းတွေကို  တင်ပို့နေပြီး စက်မှုကုန်ချောတင်ပို့မှုမှ အများဆုံး ပို့ကုန်ဝင်ငွေ ရရှိထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိက ပြည်ပပို့ကုန် (၁၀) မျိုးတွင် စက်မှုကုန်ချောတစ်ခုဖြစ်သည့် ချုပ်ပြီး အထည်တင်ပို့မှုသည် ပထမနေရာတွင် ရှိနေပြီး အခြားစက်မှု ကုန်ချောပစ္စည်းများဖြစ်သည့် သကြား၊ လက်ဝတ်ရတနာ၊ သဘာဝဓာတ်ငွေ့အစရှိသည့် ကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

Source: Popular News Journal

Category: Local News