Local News

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်၌ ဂန္ဓမာပန်း (အဝါကြီး) စိုက်ပျိုးဖြစ်ထွန်း၍ ဈေးကောင်းရ

Last Updated:

ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တောင်လုံးညိုကျေးရွာတွင် အပိုဝင်ငွေ ရရှိရန်အတွက် ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးမှုပုံစံအနေဖြင့် မြေပေါင်တင်စနစ်၊ မြေအောက်ရေတင်စနစ်တို့ဖြင့် စိုက်ပျိုးကာ မြေအကျယ်ပေ ၄၀ ပတ်လည်တွင် အပင်ရေ ၅၀၀၀ ခန့် စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။ ဂန္ဓမာပန်းကို မေလတွင် စတင်စိုက်ပျိုးပြီး လေးလအကြာ အောက်တိုဘာလတွင် ခူးဆွတ်ရောင်းချကြောင်း၊ မျိုးအနေဖြင့် ဂန္ဓမာပန်း(အဝါကြီး)မျိုးကို ယခင်နှစ်က စိုက်ပျိုးထားသည့် အညွှန့်ကို ဖြတ်၍ လည်းကောင်း၊ ကိုင်းကိုဖြတ်၍ ကျန်သည့်အမြစ်ပါသော ကိုင်းများကို ပျိုးထောင်၍ လည်းကောင်း စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး ပန်းပင်များကို ငါးရက်-ခုနှစ်ရက်ခြား တစ်ကြိမ် ပိုးသတ်ဆေးဖျန်းပေးရကြောင်း၊ ဂန္ဓမာပန်းစိုက်ပျိုးမှုအတွက် မြေပေါင်တင်ခြင်း၊ မြေပြုပြင်ခြင်း၊ သွင်းအားစု၊ ရေသွင်းခြင်း၊ လုပ်သားခအပါအဝင် စုစုပေါင်းငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ ဂန္ဓမာပန်း(အဝါကြီး) အရောင်းအဝယ်ဖြစ်သည့် ဈေးအနေဖြင့် ယခင် နှစ်က တစ်စည်းလျှင် ငွေကျပ် ၅၀၀ ရရှိခဲ့ပြီး ယခုနှစ်တွင် ပန်းခြောက်ပွင့်၊ ခုနှစ်ပွင့်ပါ တစ်စည်းလျှင်ငွေကျပ် ၉၀၀ ဖြင့် ရောင်းချရကြောင်း၊ ကိုင်းအသေးတစ်စည်းလျှင် ငွေကျပ် ၂၅၀ ဖြင့် ရောင်းချကြောင်း၊ ဂန္ဓမာပန်းပင်ကို တစ်ခါစိုက်ပျိုး ပြီး ပြုစုပျိုးထောင်မှု ကောင်းမွန်လျှင် မျိုးဆက်သုံးကြိမ်အထိ ချိုးယူခူးဆွတ်နိုင်ပြီး ပန်းစပွင့်သည်မှ လေးရက်ခြား တစ်ကြိမ် ခူးဆွတ်နိုင်ကြောင်း၊ ယခုနှစ်တွင် မိုးများပြီး အရွက်အဖျားအနာကျသဖြင့် ပန်းအထွက်နှုန်း နည်းပါး၍ ဈေးကောင်းရရှိပြီး အကျိုးအမြတ်အနေဖြင့် ဂန္ဓမာပန်းပင် ၅၀၀၀ စိုက်ပျိုးလျှင် ငွေကျပ်သိန်း ၂၀ ခန့် ရရှိကြောင်း၊ ရွှေ တောင်ဒေသထွက် ဂန္ဓမာပန်းပင်(အဝါကြီး)များကို ကြို့ပင်ကောက်၊ ပေါင်းတည်၊ ဇီးကုန်း၊ ပြည်နှင့် ဥသျှစ်ပင်မှ ပန်းအဝယ်ဒိုင်များက စိုက်ခင်းသို့လာရောက်ဝယ်ယူကြပြီး ထိုမှတစ်ဆင့် ပန်းဈေးကွက်များသို့ ပြန်လည် တင်ပို့ရောင်းချကြကြောင်း သိရှိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News