ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ကွမ်းရွက်များ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဓနုဖြူမြို့နယ် ကွမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာက ပြောပြ၍ သိရသည်။ ဓနုဖြူမြို့နယ်တွင် ကွမ်းရွက်များကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှ ယနေ့ထိ ဝယ်ယူမှုအားကောင်းလာသဖြင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသထွက်ကွမ်းရွက်များ တစ်ရက်လျှင် ပိဿာချိန် ၁၀၀၀ ထိ အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရသည်။ “ဓနုဖြူမြို့နယ်ထွက် ကွမ်းရွက်တွေက ဒေသတွင်းမှာကို အရောင်းအဝယ်ကောင်းနေတာပါ။ လက်ရှိကွမ်း ရွက်တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀ ထိ ပေါက်ဈေးရှိပါတယ်။ ဓနုဖြူမြို့နယ်ထွက် ကွမ်းရွက်တွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေက ဝယ်ယူမှုများနေလို့ အရောင်းအဝယ်ကောင်းနေတာပါ။ ကွမ်းရွက်အရောင်းအဝယ်သမားတွေက ဒေသထွက် ကွမ်းရွက်တွေကို မှာယူတဲ့အထိ ပို့ပေးတာပါ။ ဒေသထွက် ကွမ်း ရွက်တွေကို အရောင်းအဝယ်လုပ်ရတော့ အခက်အခဲမရှိပါဘူး” ဟု ဓနုဖြူမြို့နယ် ကွမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာက ပြောပြသည်။ ဓနုဖြူမြို့နယ်တွင် ကွမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက်ကွမ်းရွက်များကို အခြားဒေသများသို့ စနစ်တကျ ထုတ်ပို့တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ ကွမ်းရွက်များအရောင်းအဝယ်ကောင်းမွန်လာသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းရှင်များ ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်သည်များ လုပ်သားများ အဆင်ပြေလျက်ရှိကြောင်းသိရှိရသည်။
Source: ရတနာပုံ သတင်းစာ