ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ပဲတီစိမ်းဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်လာကြောင်း ဟင်္သာတမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဌေးက ပြောပြသည်။ ဟင်္သာတမြို့နယ်တွင် နိုဝင်ဘာလ တတိယပတ်မှ စတင်ပြီး ယနေ့ထိ ပဲတီစိမ်းများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း၊ အဆိုပါ ပဲတီစိမ်းများကို ယခုလက်ရှိတွင် ရန်ကုန်ဈေးကွက်က ဝယ်ယူမှု များပြားလာကြောင်း သိရသည်။ “ဒေသထွက်ကုန် ပဲတီစိမ်းတွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်အပြင် အခြားဒေသတွေကပါ အဝယ်လိုက်နေပါတယ်။ နိုဝင်ဘာလ တတိယပတ်လောက်ကနေစပြီး သိသိသာသာကို အရောင်းအဝယ်ကောင်းမွန်လာတာဖြစ်ပါတယ်။ လက်ရှိဒေသမှာတော့ ပဲတီစိမ်းအသစ်တွေ မပေါ်သေးပါဘူး။ အခုလက်ရှိဟင်္သာတမြို့နယ်မှာအရောင်းအဝယ်ဖြစနေတာကတော့ လက်ကျန်ပဲတီစိမ်းတွေပဲ ဖြစ်ပါတယ်” ဟု ဟင်္သာတမြို့နယ်မှ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဌေးက ပြောပြသည်။ ဟင်္သာတမြို့နယ်မှထွက်ရှိသည့် ပဲတီစိမ်း ၁၆ ပြည်ဝင်တစ်အိတ်လျှင် ငွေကျပ် ၁၁၅၂၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသမှ လယ်ယာထွက်ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ဒေသထွက်လယ်ယာထွက်ကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက် သို့ အဓိကထားတင်ပို့ရောင်းချလျက်ရှိပြီး ပဲတီစိမ်းအပြင် မတ်ပဲ၊ ပဲလွမ်းဖြူ၊ ပြောင်းနှင့် စပါး၊ ဆန်သည့် ဒေသထွက်ကုန်များကို တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါဒေသမှ ထွက်ရှိသည့် ပဲတီစိမ်းများ အရောင်းအဝယ် ကောင်းမွန်လာခြင်းကြောင့် ပဲလုပ်ငန်းလုပ်ကိုင်သူများ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း ဟင်္သာတမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဌေးက ဆက်လက်ပြောပြ၍ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ