Local News

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း နှစ်လခွဲစပါးတင်းရေ ၆၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း နှစ်လခွဲစပါးတင်းရေ ၆၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ညောင်တုန်းမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ချိုချိုမာက ပြောပြ၍ သိရသည်။ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် ဇန်နဝါရီလ တစ်လအတွင်းက နှစ်လခွဲစပါး အမျိုးအစားတင်းရေ ၅၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေ‌ဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ တစ်လအတွင်း နှစ်လခွဲစပါးအမျိုးအစားတင်းရေ ၆၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ဖေဖော်ဝါရီလအတွင်း နှစ်လခွဲစပါးတင်းရေ ၆၇၀၀၀ ထိ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်။ ညောင်တုန်းမြို့နယ်ကနေ စပါးတွေ၊ ဆန်တွေနဲ့အခြားလယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ထဲ အများဆုံးတင်ပို့ရောင်းချနေပါတယ်။ နှစ်လခွဲစပါး အမျိုးအစားကအချောအုပ်စုထဲမှာပါတဲ့ စပါးအမျိုးအစားဖြစ်ပါတယ်။ အဲဒီစပါးတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူအားများနေလို့ တင်ပို့အားကောင်းခဲ့တာဖြစ်ပါတယ်။ တခြားစပါးတွေနဲ့ ယှဉ်ရင်ပြီးခဲ့တဲ့ တစ်လအတွင်းမှာကော၊ လတ်တလောအနေနဲ့ပါ နှစ်လခွဲစပါးအမျိုးအစားက အရောင်းအဝယ်ပိုကောင်းနေပါတယ်” ဟု ညောင်တုန်းမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ချိုချိုမာက ပြောပြသည်။ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် တစ်လအတွင်းတင်ပို့ရောင်းချခဲ့သည့် နှစ်လခွဲစပါး အမျိုးအစားတင်းရေ ၁၀၀ လျှင် ငွေကျပ် ၁၇၈၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ စပါးများအရောင်းအဝယ်ကောင်းလာသည့်အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အဆင်ပြေလျက်ရှိကြောင်း ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ချိုချိုမာက ပြောပြ၍ ဆက်လက်သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News