Local News

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် ဒေသထွက်ခရမ်းသီးများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် ဒေသထွက်ခရမ်းသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း မြန်အောင်မြို့နယ် ကုန်စိမ်းမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီတာက ပြောပြသည်။ မြန်အောင်မြို့နယ်တွင် ဒေသထွက် ခရမ်းသီးများ ထွက်ရှိပြီး ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ ယနေ့ထိ ခရမ်းသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသမှ ထွက်ရှိသည့် ခရမ်းသီးများ တစ်ရက်လျှင် အလုံးရေ ၄၀၀၀၀  မှ ၅၅၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ “မြန်အောင်မြို့နယ်ကနေ ထွက်ရှိတဲ့ ခရမ်းသီးတွေ အရောင်းအဝယ်ကောင်းမွန်နေပါတယ်။ အခြားဒေသကုန်စိမ်းဈေးကွက်က ဝယ်လက်တွေက ဝယ်ယူမှုများနေပါတယ်။ မြန်အောင်မြို့နယ်ကနေ အခြားဒေသတွေကို ခရမ်းသီးအလုံးရေ ၅၅၀၀၀ ထိ တင်ပို့ရောင်းချနေရပါတယ်။ ဒေသထွက် ခရမ်းသီးတွေက ပိုးမွှားကင်းရှင်းပြီး အရည်အသွေးကောင်းမွန်တာ တွေ့ရပါတယ်။ ဒီနှစ် ခရမ်းသီးတွေက အရည်အသွေးကောင်းသလို အထွက်နှုန်းကောင်းပါတယ်။ လက်ရှိခရမ်းအဝိုင်းသီးကော၊ အရှည်သီးကော အမျိုးအစား နှစ်ခုစလုံး အရောင်းအဝယ်ကောင်းမွန်နေတာပါ” ဟု မြန်အောင်မြို့နယ် ကုန်စိမ်းမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီတာက ပြောပြသည်။ မြန်အောင်မြို့နယ်တွင် စိုက်ပျိုးထွက်ရှိပြီး အရောင်းအဝယ်ကောင်းမွန်နေသည့် ခရမ်းသီး အလုံးရေ ၁၀၀ လျှင် ငွေကျပ် ၁၁၀၀၀ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဒေသထွက် ခရမ်းသီးများအပါအဝင် အခြားကုန် စိမ်းများကို မြန်အောင်ဈေးကွက်အပြင် ပုသိမ်၊ ရေကြည် စသည့် ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း မြန်အောင်မြို့နယ် ကုန်စိမ်းမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီတာက ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ                        

Category: Local News