မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် ဥယျာဉ်၊ ရွာတော်၊ ညောင်ပင်သာ၊ မယ်ဇလီတော၊ ဇီးတော စသည့် ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး ပဲစင်းငုံသီးနှံများကို စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် ပဲစင်းငုံသီးနှံများ စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။ ပဲစင်းငုံသီးနှံကို ဇူလိုင်လတွင် စိုက်ပျိုးကြပြီး ဇန်နဝါရီလ ပထမပတ်မှစ၍ ရိတ်သိမ်းလျက်ရှိကြောင်း၊ သီးသန့်စိုက်ပျိုးမှုနှင့် သီးညှပ်စိုက်ပျိုးမှုဟူ၍ စိုက်ပျိုးကြပြီး ပဲစင်းငုံအနီမျိုးများကို တစ်ဧကလျှင် မျိုးစေ့နှစ်ပြည်ခန့် စိုက်ပျိုးရကြောင်း၊ မျိုး၊ မြေပြုပြင်ခ၊ သွင်းအား စု၊ ရိတ်သိမ်းခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ငါးသိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ၁၀-၁၂ တင်းခန့် ထွက်ရှိရာ မြေအနေအထားနှင့် သီးနှံအထွက်နှုန်းအပေါ်မူတည်၍ အထွက်နှုန်းများ ကွားခြားမှုရှိ ကြောင်း ပြည်တွင်းဈေးကွက်အနေဖြင့် မင်းလှမြို့ပေါ်ရှိ ပွဲရုံများသို့ ရောင်းချပြီး ထိုမှတစ်ဆင့် မကွေးမြို့နှင့် ရန်ကုန် မြို့များသို့ ရောင်းချကြကြောင်း၊ ပြည်ပဈေးကွက်အနေဖြင့် ရန်ကုန်မြို့မှ တစ်ဆင့် အိန္ဒိယနိုင်ငံသို့ တင်ပို့ကြောင်းသိရှိရသည်။
Source: ကြေးမုံသတင်းစာ