ပြည်ပမှ ဝယ်ယူမှုများပြား၍ မန္တလေးဈေးကွက်အတွင်း ပဲစင်းငုံ အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ပွဲစားကုန် သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ယခုလက်ရှိအချိန်တွင် ပဲစင်းငုံကို ပြည်တွင်း၊ ပြည်ပမှ ဝယ်ယူမှုများပြားလျက်ရှိကြောင်း၊ ထို့အတူ ၎င်းပဲစင်းငုံကို ကုန်သည်များအဝယ်များလျက်ရှိခြင်းကြောင့် ဒီဇင်ဘာလ ပထမပတ်မှ စ၍ အရောင်းအဝယ်ကောင်းမွန် လျက်ရှိကြောင်း သိရသည်။ “ပဲစင်းငုံက မန္တလေးဈေးကွက်ထဲမှာ အရောင်းအဝယ်ကောင်းတဲ့ ပဲအမျိုးအစားထဲမှာပါတယ်။ အခုလက်ရှိမှာတော့ ပဲစင်းငုံပေါ်တဲ့ရာသီဖြစ်တာကြောင့် အဝယ်လိုက်နေပါတယ်။ ရန်ကုန်နဲ့ မန္တလေးအပြင် တခြားမြို့တွေမှာလဲ ပဲစင်းငုံအရောင်းအဝယ်ကောင်းမွန်နေပါတယ်” ဟု အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြသည်။ မန္တလေးဈေးကွက်အတွင်း ပဲစင်းငုံအရောင်းအဝယ်ကောင်းမွန်လာမှုကြောင့် ယခု လက်ရှိတွင် ပဲစင်းငုံဈေးနှုန်းမှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၄၆၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “မန္တလေးကုန်စည်ဒိုင်မှာတော့ ကုလားပဲ၊ နှမ်းအပြင် ပဲစင်းငုံကလဲ အရောင်းအဝယ်ကောင်းတဲ့ပဲအမျိုးအစားတွေထဲမှာ ပါပါတယ်။ အခုလတ်တလော ပဲစင်းငုံအရောင်းအဝယ်လုပ်တဲ့ ကုန်သည်တွေများလာတာကြောင့် ပဲစင်းငုံက အရောင်းအဝယ် ပိုမိုကောင်းမွန်လာပါတယ်” ဟု ၎င်းက ဆက်လက် ပြောပြသည်။ ပြည်တွင်း၌ ပဲစင်းငုံအများဆုံး စိုက် ပျိုးကြသည့် တိုင်းဒေသကြီးများမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။
Source: ရတနာပုံ သတင်းစာ