ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ကျားပျံစပါး တင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဝါးခယ်မမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီရိက ပြောပြသည်။ ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် အောက်တိုဘာလအတွင်းက ကျားပျံစပါးတင်းရေ ၅၇၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ တစ်လအတွင်း ကျားပျံစပါးတင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကျားပျံစပါးတင်းရေ ၈၅၀၀၀ ထိ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်။ ဝါးခယ်မမြို့နယ်ကနေ စပါးတွေ၊ ဆန်တွေနဲ့ အခြားလယ်ယာထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို အများဆုံး တင်ပို့ရောင်းချပါတယ်။ ကျားပျံစပါးတွေကို ရန်ကုန် ဈေးကွက်က ဝယ်ယူမှုအားကောင်းနေလို့ တင်ပို့မှုများခဲ့တာ ဖြစ်ပါတယ်” ဟု ဝါးခယ်မမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီရိက ပြောပြသည်။ ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် နိုဝင်ဘာလက တင်ပို့ရောင်းချခဲ့သည့် ကျားပျံစပါးတင်းရေ ၁၀၀ လျှင် ငွေကျပ် ၂၁၅၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ စပါးများအရောင်းအဝယ်ကောင်းလာသည့်အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သား များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းအဆင်ပြေလျက်ရှိကြောင်း၊ ဝါးခယ်မမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီရိထံမှ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ