မန္တလေးမြို့ အောင်မြေသာစံခရိုင်ရှိ သီရိမာလာကုန်စိမ်းသီးနှံဈေးကွက်သို့ တောင်ပေါ်ဒေသများမှ ထွက်ရှိလာသည့် ဗိုလ်စားပဲများဝင်ရောက်လာပြီး ဈေးကွက်အတွင်း အရောင်းအဝယ်များ ကောင်းနေကြောင်း မန္တလေးမြို့ အောင်ပွဲရုံပိုင်ရှင် ဦးအောင်မိုးနိုင်က ပြောသည်။ လက်ရှိအချိန်တွင် မန္တလေးမြို့ ကုန်စိမ်းသီးနှံဈေးကွက်အတွင်းသို့ တောင်ပေါ်ဒေသတစ်ဝိုက်တို့မှ ထွက်ရှိသည့် ဗိုလ်စားပဲများ နေ့စဉ်ကားအစီးရေ သုံးစီးမှ လေးစီးခန့် ပုံမှန်ဝင်ရောက်နေကြောင်း၊ ယခုလက်ရှိ ဈေးနှုန်းများမှာ တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ “ဗိုလ်စားပဲက တောင်ပေါ်ဒေသဘက်တွေကပဲထွက်ရှိပြီး ဈေးကို အပြိုင် ဝင်ရောက်နေပါတယ်။ မြေပြန့်ဒေသဘက်က ထွက်တာနည်းသေးပါတယ်။ စိုက်ပျိုးမှုတွေကလည်း ယခင်နှစ်တွေထက်စာရင် နည်းလာပါတယ်။ ကျန်တဲ့သီးနှံများဖြစ်တဲ့ ခရမ်းချဉ်၊ ဂေါ်ဖီ၊ မုန်ညင်း၊ မုန်လာဥ၊ ပဲရှည်သီး၊ ကြက်ဟင်းခါးသီး၊ မုန်ညင်းဖြူ၊ ခါကြက်ဥနဲ့ ကြက်သွန်နီစတဲ့ သီးနှံတွေလည်း အရောင်းအဝယ်တွေ ကောင်းနေပါတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါဗိုလ်စားပဲများကို လက်ရှိအချိန်တွင် တောင်ပေါ်ဒေသများမှ အဓိကထားစိုက်ပျိုးကြပြီး ယင်းသီးနှံသည် ရာသီအလိုက်ထွက်ရှိသော သီးနှံမျိုးဖြစ်၍ တောင်သူများအတွက် အကျိုး ဖြစ်ထွန်းသည့် သီးနှံတစ်ခုဖြစ်ကြောင်း သိရှိရသည်။
Source: ကြေးမုံသတင်းစာ