ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Pichai Naripthaphan က အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး H.E Mr. Thani bi Ahmed Al Zeyoudi နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့် တင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
တွေ့ဆုံခဲ့စဉ်တွင် ထိုင်းနိုင်ငံ၏ နည်းပညာနှင့် အစားအစာ ကဏ္ဍများအတွက် ဆွေးနွေးခဲ့ပြီး UAE ၏ စိတ်ဝင်စားမှုရှိသည့် ထိုင်းနိုင်ငံရှိ အချက်အလက်စင်တာ တည်ထောင်မှုအလားအလာကို အဓိက ဆွေးနွေးခဲ့ပါကြောင်း၊ 5G ရရှိမှု၊ လျှပ်စစ်ဓာတ်အားနှင့် ရေထောက်ပံ့မှု တည်ငြိမ်မှုကဲ့သို့သော စိတ်ချရသော အခြေခံအဆောက်အဦနှင့် အရည်အချင်းရှိသော လုပ်သားများ အပါအဝင် ထိုင်းနိုင်ငံ၏ အဆင့်မြင့်နည်းပညာဂေဟစနစ်ကြောင့် နိုင်ငံသည် အချက်အလက်စင်တာ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အတွက် နေရာကောင်းဖြစ်ကြောင်း၊ UAE အနေဖြင့်လည်း အာရေဗီယားကျွန်းဆွယ်ရှိ အခြေခံ အဆောက်အဦ စီမံကိန်းတွင် ထိုင်းရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်လိုကြောင်း ဝန်ကြီး H.E Mr. Pichai က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ နည်းပညာမြင့် စိုက်ပျိုးရေးထုတ်ကုန်များနှင့် အစားအစာထုတ်လုပ်နိုင်စွမ်းများကို အလေးပေးဆွေးနွေးခဲ့ပြီး ဆန်၊ ကြက်သားနှင့် တူနာစည်သွပ်ဗူးကဲ့သို့ အစားအစာထုတ်ကုန်များတွင် အဓိက တင်ပို့သူဖြစ်ကြောင်းလည်း ဆွေးနွေးခဲ့ပါကြောင်း၊ နှစ်နိုင်ငံ၏ အကျိုးကျေးဇူးဖြစ်စေသည့် စဉ်ဆက်မပြတ်သော ပူးပေါင်းဆောင်ရွက်မှုဖြစ်စေရေးအတွက် UAE ၏ အစားအစာဖူလုံမှုအတွက် ထိုင်းနိုင်ငံအနေဖြင့် အစားအစာအရင်းအမြစ်အဖြစ် ဆောင်ရွက်လိုကြောင်း အဆိုပြုခဲ့ကြောင်း၊ UAE သည် ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးနှင့် အစားအစာကဏ္ဍများတွင် ရေနှင့် အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာများ ထောက်ပံ့ပေးခြင်းဖြင့် ထိုင်းနိုင်ငံ၏ စက်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာများတွင် မြှင့်တင်ပေးမည်ဖြစ် ကြောင်း၊ ဝယ်လိုအား ခိုင်မာနေသောကြောင့် ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးပို့ကုန်များ တိုးမြှင့်တင်ပို့ရန် ဖိတ်ခေါ်ခဲ့ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
UAE အနေဖြင့် အရည်အချင်းရှိသော ထိုင်းလုပ်သားများ အထူးသဖြင့် အင်ဂျင်နီယာများ လိုအပ်လျက်ရှိကြောင်း၊ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ဆိုင်ရာ တိုးတက် မှုအခြေအနေများကို ပြန်လည်သုံးသပ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများအတွက် ကုန်သွယ်ရေး အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရန် ညှိနှိုင်းမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားရန်ရှိကြောင်း သိရှိရပါ သည်။
Source: www.bangkokpost.com ၊
စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။