စင်ကာပူစွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့ (Energy Market Authority-EMA) က Pacific Light Power Pte Ltd ကို ဟိုက်ဒရိုဂျင်အသင့်ပါသည့် ဓာတ်ငွေ့တာဘိုင်စက်ရုံ (hydrogen-ready Combined Cycle Gas Turbine generating unit) အသစ် တည်ဆောက်ခွင့်နှင့် လုပ်ငန်း လုပ်ကိုင်ခွင့်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ခွင့်ပြုပေးခဲ့ကြောင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်က သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါစက်ရုံအသစ်မှ လျှပ်စစ်ဓာတ်အား အနည်းဆုံး ၆၀၀ မက်ဂါဝပ် ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားပြီး ၂၀၂၉ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဖြစ်ပါ သည်။ စင်ကာပူနိုင်ငံ၏ အနာဂတ်လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပြည့်မီရေးအတွက် စင်ကာပူ စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့၏ ဗဟိုလုပ်ငန်းစဉ်အရ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် အဆိုပြုလွှာ လက်ခံခဲ့ခြင်းဖြစ်ပြီး Pacific Light Power Pte Ltd မှာ အဆိုပြုကုမ္ပဏီ ၆ ခုအနက်မှ ရွေးချယ် ခံရခြင်းဖြစ်ပါသည်။
အဆင့်မြင့်ကုန်ထုတ်လုပ်မှု၊ ဒီဂျစ်တယ်စီးပွားရေးကဲ့သို့သော လျှပ်စစ်ဓာတ်အား အဓိကသုံးစွဲသည့် စက်မှုလုပ်ငန်းများ၊ ပို့ဆောင်ရေးကဏ္ဍတွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုများကြောင့် စင်ကာပူနိုင်ငံ ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာပါသည်။ စင်ကာပူ စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့က နောင်လာမည့် ၆ နှစ်တွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ်ထပ်တိုးနှုန်းအရ ၃.၇ ရာခိုင်နှုန်းမှ ၅.၇ ရာခိုင်နှုန်းအထိရှိနိုင်ပြီး ၁၀.၁ ဂစ်ဂါဝပ်အထိ ရောက်ရှိနိုင်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ ၁၁.၈ ဂစ်ဂါဝပ် ဖြစ်နိုင်ကြောင်း ခန့်မှန်းထားပါသည်။
“Pacific Light Power Pte Ltd မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို မျှော်လင့်ကြောင်း၊ လျှပ်စစ် ဓာတ်အားစနစ် ယုံကြည်စိတ်ချရမှုနှင့်ဖူလုံစေရေးအတွက် လုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” စင်ကာပူစွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့၏ အမှုဆောင် အရာရှိချုပ်က ပြောကြားခဲ့ပါသည်။
စင်ကာပူနိုင်ငံသည် လာမည့် ၅ နှစ်အတွင် ၎င်း၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တွက်ချက်၍ အနာဂတ်လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်မီစေရေး ကြိုတင်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
ရင်းမြစ်။ စင်ကာပူစွမ်းအင်ဈေးကွက် အာဏာပိုင်အဖွဲ့
စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့