ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၀၅.၅၃ ဘီလီယံစံချိန်သစ်တင်ရရှိခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၁၄.၃ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံး (GSO) အဆိုအရ သိရှိရပါသည်။ သွင်းကုန် ပို့ကုန် တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇၈၆.၃ ဘီလီယံအထိ မြင့်တက်ခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၁၅.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။
သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၈၀.၇၆ ဘီလီယံအထိ ရှိပြီး ၁၆.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် ၉ နှစ် ဆက်တိုက် ကုန်သွယ်မှုပိုငွေ ရရှိခဲ့ပြီး ပိုငွေ အမေရိကန်ဒေါ်လာ ၂၄.၇ ဘီလီယံကျော်ရှိကြောင်း တနင်္လာနေ့က ဟနွိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် GSO မှ တင်ပြသည့် အစီရင်ခံစာအရ သိရှိရပါသည်။
ပို့ကုန်စုစုပေါင်းတွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ၁၁၄.၅၉ ဘီလီယံ (၂၈.၃ ရာခိုင်နှုန်း) ရှိပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံသည့်ကုမ္ပဏီများမှ အမေရိကန်ဒေါ်လာ ၂၉၀.၉၄ ဘီလီယံရှိကာ ၇၁.၇ ရာခိုင်နှုန်းကိုယ်စားပြုကြောင်း သိရှိရပါသည်။ သွင်းကုန် တင်ပို့မှုအတွက် ပြည်တွင်းကုမ္ပဏီများ အနေဖြင့် အမေရိကန်ဒေါ်လာ ၁၄၀.၁၁ ဘီလီယံသုံးစွဲခဲ့ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီများ၏ အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၄၀.၆၅ ဘီလီယံ ရှိကြောင်း သိရှိရပါသည်။
ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိသည့် ကုန်စည် ၃၇ ခု ရှိပြီး ကုန်စည် ၈ မျိုးသည် တစ်ခုလျှင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိကြောင်း၊ ဗီယက်နမ် နိုင်ငံစုစုပေါင်း ပို့ကုန်ဝင်ငွေ၏ ၉၄.၃ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း GSO မှ အလေးပေး ဖော်ပြခဲ့သည်။
၂၀၂၄ ခုနှစ်တွင် အမေရိကန်သည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေခဲ့ပြီး ၀င်ငွေအမေရိကန်ဒေါ်လာ ၁၁၉.၆ ဘီလီယံအထိရှိကြောင်း၊ တရုတ်နိုင်ငံသည် ထိပ်တန်းသွင်းကုန် ရင်းမြစ်ဖြစ်ပြီး ကုန်သွယ်မှုစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၄၄.၃ ဘီလီယံရှိကြောင်း သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုပိုငွေ ၂၅.၆ ရာခိုင်နှုန်း တိုးလာကာ အမေရိကန်ဒေါ်လာ ၁၀၄.၆ ဘီလီယံအထိတိုးလာပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုလိုငွေ ၆၉.၅ ရာခိုင်နှုန်းတိုးကာ အမေရိကန်ဒေါ်လာ ၈၃.၇ ဘီလီယံအထိမြင့်တက်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြထားပါသည်။ သတင်းစာရှင်းလင်းပွဲတွင် GSO မှ ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) တိုးတက်မှုနှုန်းသည် ၇.၀၉ ရာခိုင်နှုန်းနှင့် GDP သည် အမေရိကန်ဒေါ်လာ ၄၇၆ ဘီလီယံခန့်ရှိကြောင်း ဖော်ပြခဲ့ပါသည်။
ဝန်ဆောင်မှုကဏ္ဍအနေဖြင့် GDP ၏ ၄၉.၄၆ ရာခိုင်နှုန်းရှိကြောင်း၊ စက်မှုနှင့် ဆောက်လုပ်ရေး ကဏ္ဍသည် ၄၅.၁၇ ရာခိုင်နှုန်း၊ စိုက်ပျိုးရေး ၊ သစ်တောနှင့်ငါးလုပ်ငန်းက ၅.၃၇ ရာခိုင်နှုန်း ရှိကြောင်း GSO မှ ထုတ်ပြန်ခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံ၏ ယခုနှစ် GDP တိုးတက်မှုနှုန်းသည် ၂၀၁၈၊ ၂၀၁၉ နှင့် ၂၀၂၂ ခုနှစ်များထက် နိမ့်ကျခဲ့သော်လည်း စတုတ္ထသုံးလပတ်တွင် ခိုင်မာသောတိုးတက်မှုရရှိခဲ့ကြောင်း၊ GSO ၏ အကြီးအကဲ Nguyen Thi Huong မှ နိုင်ငံ၏ GDP သည် ပထမသုံးလပတ်တွင် ၅.၉ ရာခိုင်နှုန်း၊ ဒုတိယသုံးလ ပတ်တွင် ၇.၂ ရာခိုင်နှုန်း၊ တတိယသုံးလပတ်တွင် ၇.၄ ရာခိုင်နှုန်း၊ စတုတ္ထသုံးလပတ်တွင် ၇.၅၅ ရာခိုင်နှုန်း တိုးလာကြောင်း ပြောကြားခဲ့ပါသည်။
၂၀၂၄ ခုနှစ်တွင် တစ်ဦးချင်းအချိုးကျဝင်ငွေသည် ဗီယက်နမ်ဒေါင် ၁၁၄ သန်း (အမေရိကန်ဒေါ်လာ ၄,၇၀၀) ရှိပြီး ၂၀၂၃ ခုနှစ်ကထက် အမေရိကန်ဒေါ်လာ ၃၇၇ တိုးလာ ခဲ့ကြောင်း၊အလုပ်သမားများ၏ကုန်ထုတ်စွမ်းအားသည်လည်းသိသာထင်ရှားစွာ တိုးတက်ခဲ့ပြီး အလုပ်သမား တစ်ဦးလျှင် ဗီယက်နမ်ဒေါင်၂၂၁.၉ သန်း (အမေရိကန်ဒေါ်လာ ၈,၇၄၇) ရှိပြီး ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၇၂၆ တိုးလာခဲ့ကြောင်း ဖော်ပြထားပါသည်။
၂၀၂၄ တွင် လုပ်ငန်းအသစ်ပေါင်း ၁၅၇,၂၀၀ ကျော်ရှိပြီး စုစုပေါင်း စာရင်းသွင်း မတည်ရင်းနှီးငွေ ဗီယက်နမ်ဒေါင် ၁,၅,၄၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၀.၈ ဘီလီယံ) ရှိကြောင်း၊ ကုမ္ပဏီပေါင်း ၇၆,၂၀၀ နီးပါးသည် လုပ်ငန်းလည်ပတ်မှုများ ပြန်လည်စတင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
တစ်ချိန်တည်းတွင် လုပ်ငန်းပေါင်း ၁၀၀,၁၀၀ နီးပါးသည် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုကို ယာယီရပ်ဆိုင်းခဲ့ပြီး ကုမ္ပဏီ ၇၆,၂၀၀ နီးပါးသည် ဖျက်သိမ်းရန် ရပ်ဆိုင်းခဲ့ကြောင်း၊ ကုမ္ပဏီ ၂၁,၆၀၀ သည် ကုမ္ပဏီဖျက်သိမ်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ နိုင်ကြောင်း ဖော်ပြထားပါသည်။ ပျမ်းမျှအားဖြင့် တစ်လလျှင် လုပ်ငန်းပေါင်း ၁၆,၅၀၀ နီးပါးသည် ပြည်တွင်းဈေးကွက်မှ နုတ်ထွက်ခဲ့ကြောင်း သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၁၇.၆ သန်း နီးပါးကို ကြိုဆိုခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်ထက် ၃၉.၅ ရာခိုင်နှုန်း တိုးမြင့်လာပြီး COVID-19 ကပ်ရောဂါ မကျရောက်မီ ၂၀၁၉ ခုနှစ် ကိန်းဂဏန်း၏ ၉၇.၆ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း သိရှိရပါသည်။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်၍ ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃၈.၂၃ ဘီလီယံခန့် ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် စားသုံးသူစျေးနှုန်း အညွှန်းကိန်းသည် ၂၀၂၃ ခုနှစ်ထက် ၃.၆၃ ရာခိုင်နှုန်း တိုးလာကာ အမျိုးသားလွှတ်တော် ဥပဒေရေးဆွဲရေးဆိုင်ရာကော်မရှင်က သတ်မှတ်ထားသည့် လေးရာခိုင်နှုန်းအောက် လျာထားချက် နှင့် ပြည့်မီခဲ့ကြောင်း ဖော်ပြထားပါသည်။
Source: VN Economy
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)