International News

ထိုင်းဗဟိုဘဏ်(ထိုင်းဘဏ်)က ခိုင်မာသောငွေကြေးမူဝါဒမူဘောင်ကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့

Last Updated:

အမေရိကန်တွင် ချမှတ်လာနိုင်ဖွယ်ရှိသည့် မူဝါဒအပါအဝင် မသေချာမှုများ မြင့်တက်လျက်ရှိ သော်လည်း ထိုင်းနိုင်ငံ၌ ခိုင်မာသော ငွေကြေးမူဝါဒမူဘောင်ကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ထိုင်း ဗဟိုဘဏ် (ထိုင်းဘဏ်) က ကတိပြုပြောကြားခဲ့ပါသည်။

ဗဟိုဘဏ်က ကြီးမှူးကျင်းပသည့် ငွေကြေးဖိုရမ်တွင် ပါဝင်ဆွေးနွေးသူများက အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ အခွန်နှင့် အကောက်ခွန်များ၊ ကုန်သွယ်ရေးနှင့် စွမ်းအင်နှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဖြစ်လာနိုင်သော မူဝါဒများအပေါ် ဆွေးနွေးပြောကြားခဲ့ကြပါကြောင်း၊ ယင်းမူဝါဒများသည် ကမ္ဘာ့ဘဏ္ဍာငွေ ဈေးကွက်၊ ကမ္ဘာနှင့် တရုတ်စီးပွားရေးတို့အတွက် မသေချာမှု များ မြင့်တက်လာနိုင်ကြောင်း၊ အဆိုပါ မူဝါဒများကြောင့်ပင် အမေရိကန်၌ ငွေကြေးဖောင်းပွမှု မြင့် တက်လာနိုင်ပြီး အမေရိကန်ဘဏ်၏ မူဝါဒနှုန်းထားကိုလည်း ရှည်ကြာသော အမြင့်တွင်ဖြစ်စေပါ ကြောင်း၊ မသေချာမှုများသည် ထိုင်းစီးပွားရေးကို အပြုသဘောနှင့် အပျက်သဘော သက်ရောက်မှု ဖြစ်လာစေနိုင်ပါကြောင်း၊ ဥပမာအားဖြင့် တရုတ်သို့ ထိုင်းပို့ကုန်များ ကျဆင်းစေနိုင်ပြီး တရုတ် ကုန်စည်များ ဝင်ရောက်လာမှုကြောင့် ပြင်းထန်သော ယှဉ်ပြိုင်မှုများ ဖြစ်လာစေမည်ဖြစ်ကြောင်း ဆွေး နွေးခဲ့ကြပါသည်။

နိုင်ငံအတွင်းသို့ ထုတ်လုပ်မှုအခြေစိုက်များ ရွှေ့ပြောင်းလာမှုကြောင့် အကျိုးကျေးဇူးခံစားရနိုင် သော်လည်း ကမ္ဘာ့ စီးပွားရေးမသေချာမှု မြင့်တက်လာမှုကြောင့် ရင်းနှီးမြှုပ်နှံမှုကို နှေးကွေးစေမည် ဖြစ်ကြောင်း၊ အမေရိကန်နှင့် ပဋိပက္ခကြောင့် တရုတ်စီးပွားရေး နှေးကွေးခဲ့ပါလျှင် ထိုင်းနိုင်ငံ၏ ပို့ကုန် နှင့် ခရီးသွားလုပ်ငန်းကဏ္ဍကိုလည်း ထိခိုက်လာနိုင်ကြောင်း၊ ငွေကြေးမူဝါဒကော်မတီအနေဖြင့် ထရမ့် က ကျင့်သုံးမည့် မူဝါဒများကို စောင့်ကြည့်ရန် လိုအပ်ပါကြောင်း၊ ထရမ့်သည် ၎င်း၏ မူဝါဒတစ်ခုချင်း စီနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းမှုကို အာရုံစိုက်လာနိုင်ကြောင်း၊ မြင့်တက်လာသည့် မသေချာမှုကို ခံနိုင်ရည်ရှိသည့် မူဝါဒကို အထောက်အကူပြုရန် ငွေကြေးမူဝါဒ ကော်မတီက ၎င်း၏ မူဝါဒနှုန်းကို ၂.၂၅ ရာခိုင်နှုန်းတွင်ထားရန် တစ်ညီတစ်ညွတ်တည်း မဲပေးခဲ့ပါကြောင်း ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ကော်မတီအဖွဲ့ဝင် Mr. Piti Disyatat က ပြောကြားခဲ့ပါသည်။

အချက်အလက်များနှင့် စီးပွားရေးအလားအလာများပေါ် အခြေခံ၍ ထိန်းညှိနိုင်ရန် ငွေကြေး မူဝါဒသည် ပြောင်းလွယ်ပြင်လွယ်ဖြစ်ရမည်ဖြစ်ကြောင်း၊ ကြွေးမြီဖယ်ထုတ်ခြင်း လုပ်ငန်းစဉ်များ ကြောင့် နိုင်ငံ၏ အိမ်ထောင်စုကြွေးမြီသည် ကျဆင်းလာလျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် တတိယ ၃ လ ပတ်တွင် GDP နှင့် အိမ်ထောင်စုကြွေးမြီအချိုးသည် ၈၉ ရာခိုင်နှုန်းရှိခဲ့ပါကြောင်း၊ အုပ်ချုပ်သူများအနေ ဖြင့် GDP နှင့် အိမ်ထောင်စုကြွေးမြီအချိုးကို တိတိကျကျသတ်မှတ်ထားခြင်း မရှိဘဲ တစ်ဦးချင်းစီနှင့် အိမ်ထောင်စုများ၏ ကြွေးမြီအပေါ် ဝန်ဆောင်မှုပေးနိုင်စွမ်းနှင့် လုပ်ဆောင်နိုင်မှုကဲ့သို့ ထိုင်းပြည်သူများ ချမ်းသာမှုအတွက်သာ အာရုံစိုက်ပါကြောင်း၊ ချေးငွေ ဖန်တီးပေးခြင်းသည်လည်း အရေးပါသော အချက်တစ်ချက်ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံအတွင်း အိမ်ထောင်စုကြွေးမြီ၏ ၃၀ ရာခိုင်နှုန်းသည် ပေါင်နှံ မှုများဖြစ်ကြောင်း Mr. Piti က ဖြည့်စွက်ပြောကြားခဲ့သည်။

အိမ်ထောင်စုကြွေးမြီသည် ၈၀ ရာခိုင်နှုန်းထက်ပိုခဲ့ပါက စီးပွားရေးတိုးတက်မှုနှင့် ပြည်တွင်း စားသုံးမှုကို အပျက်သဘောသက်ရောက်မှုရှိနိုင်သောကြောင့် ယင်းရာခိုင်နှုန်း မပိုသင့်ကြောင်း Bank of International Settlement က အကြံပြုထားပါကြောင်း၊ ကြွေးမြီ ဖယ်ထုတ်ခြင်းလုပ်ငန်းစဉ်ကြောင့် ဘဏ်ကဏ္ဍတွင် ချေးငွေတိုးတက်မှု နှေးကွေးလာခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း ဘဏ်ကဏ္ဍရှိ မော် တော်ကားချေးငွေသည်လည်း ကျုံ့လာနိုင်ဖွယ်ရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားချက်အရ သိရှိ ရပါသည်။

         

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News