International News

ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုသည် ၆ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ပြီး ဘတ် ၁.၆၆ ထရီလီယံသို့ ရောက်ရှိခဲ့

Last Updated:

ထိုင်းလူသုံးကုန်ပစ္စည်းများကို ဝယ်လိုအား မြင့်တက်ခဲ့ပြီး စိးပွားရေးအခြေအနေ ပိုမိုကောင်းမွန် လာမှုတို့ကြောင့် ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးသည် ၆ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ဘတ် ၁.၆၆ ထရီလီယံရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း နယ်စပ်နှင့် တစ်ဆင့်ခံကုန်သွယ်မှုသည် ဘတ် ၁၅၀ ဘီလီယံ ရှိခဲ့သဖြင့် ၄ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း၊ ပို့ကုန်သည် ဘတ် ၈၅.၇ ဘီလီယံဖြစ်ပြီး သွင်းကုန်သည်  ဘတ် ၆၄.၅ ဘီလီယံဖြစ်သဖြင့် ကုန်သွယ်မှုပိုငွေ ဘတ် ၂၁.၂ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း နယ်စပ်နှင့် တစ်ဆင့်ခံပို့ကုန်သည် ဘတ် ၉၅၈ ဘီလီယံနှင့် သွင်းကုန်သည် ဘတ် ၇၀၇ ဘီလီယံဖြစ်သဖြင့် ကုန်သွယ်မှုပိုငွေ ဘတ် ၂၅၁ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း၊ နိုဝင်ဘာလအတွင်း ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများ အကြား နယ်စပ်ကုန်သွယ်မှုသည် ပို့ကုန်တန်ဖိုး ဘတ် ၅၁.၇ ဘီလီယံနှင့် သွင်းကုန် ဘတ် ၃၀.၇ ဘီလီယံဖြစ်သဖြင့် ကုန်သွယ်မှုပမာဏ ဘတ် ၈၂.၄ ဘီလီယံဖြစ်ခဲ့ပြီး ကုန်သွယ်မှု ပိုငွေ ဘတ် ၂၁ ဘီလီယံဖြစ်ကြောင်း နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mrs. Arada Fuengthong က ပြောကြားခဲ့ပါသည်။

မလေးရှားနှင့် ကုန်သွယ်မှုသည် ဘတ် ၂၅.၄ ဘီလီယံဖြင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ယင်းနောက် လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယားတို့ဖြစ်ကြောင်း၊ အဓိက ပို့ကုန်များမှာ ဒီဇယ်၊ သန့်စင်ပြီး ရေနံထုတ်ကုန်များနှင့် Concentrated Latex တို့ဖြစ်ကြောင်း၊ နိုဝင်ဘာလအတွင်း တတိယနိုင်ငံများနှင့် တစ်ဆင့်ခံကုန်သွယ်မှု သည် ဘတ် ၆၇.၈ ဘီလီယံရှိခဲ့ပြီး ပို့ကုန်တန်ဖိုးသည် ဘတ် ၃၄ ဘီလီယံနှင့် သွင်းကုန်သည် ဘတ် ၃၃.၈ ဘီလီယံဖြစ်ကြောင်း၊ အဓိက နိုင်ငံများမှာ တရုတ်၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ပြီး အဓိက ပို့ကုန်များမှာ Hard disk drivers၊ ရာဘာထုတ်ကုန်များနှင့် TNSR ရာဘာတုံးများဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း တစ်ဆင့် ခံကုန်သွယ်မှုတန်ဖိုး ဘတ် ၇၆၆ ဘီလီယံရှိခဲ့ပြီး ပို့ကုန် ဘတ် ၄၀၆ ဘီလီယံနှင့် သွင်းကုန် ဘတ် ၃၆၀ ဘီလီယံဖြစ်ကြောင်း သိရှိရပါသည်။

တက်ခ်ပြည်နယ်၊ မဲဆောက်နယ်စပ်အနီးရှိ ကုန်သွယ်ရေးလမ်းကြောင်းတွင် လက်ရှိပဋိပက္ခများကြောင့် အနှောင့်အယှက်ဖြစ်နေသော်လည်း နိုဝင်ဘာလအတွင်း မြန်မာနှင့် နယ်စပ်ကုန်သွယ်မှုသည် ဘတ် ၁၁.၄ ဘီလီယံရှိခဲ့ပြီး ၆.၅ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့သဖြင့် နယ်စပ် ကုန်သွယ်ရေး ပြန်လည်ကောင်းမွန်ခဲ့ပါကြောင်း၊ ရနောင်းပြည်နယ်၊ ချင်းရိုင်ပြည်နယ်ရှိ မယ်ဆိုင်နှင့် ကန်ချနာပူရိပြည်နယ်ရှိ ဆန်ခလာပူရိကဲ့သို့သော အခြားသော စစ်ဆေးရေးဂိတ်များက ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဓိက ကုန်စည်များမှာ ဒီဇယ်၊ သန့်စင်ပြီး ရေနံထုတ်ကုန်များ၊ အဖျော်ယမကာများနှင့် ကြမ်းခင်းကြွေပြားများ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၇ ခုနှစ်တွင် နယ်စပ်နှင့် တစ်ဆင့်ခံ ကုန်သွယ်မှုကို ဘတ် ၂ ထရီလီယံထိ ရောက်ရှိနိုင်ရေး ရည်မှန်း ထားပါကြောင်း၊ ဦးစီးဌာနအနေဖြင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးနှင့် စိန်ခေါ်မှုများကို ဖြေရှင်း ပေးလျက်ရှိကြောင်း၊ အဓိက အနှောင့်အယှက်များမရှိပါက နယ်စပ်ကုန်သွယ်မှုနှင့် တစ်ဆင့်ခံကုန်သွယ် မှုသည် ၂၀၂၅ ခုနှစ်တွင် ဘတ် ၁.၈၄ ထရီလီယံသို့ ရောက်ရှိနိုင်ကြောင်း၊ ဦးစီးဌာနအနေဖြင့် ယခုနှစ်အတွင်း နယ်စပ်ပြည်နယ်များတွင် ကုန်သွယ်မှုမြှင့်တင်ရေး ၆ ခုကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမဆုံးပွဲကို ဇန်နဝါရီ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ နခွန်ရတ်ချစီမာတွင် ကျင်းပသွားမည် ဖြစ်ကြောင်း Mrs. Arada က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: International News