International News

တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အစိမ်းရောင်ကုန်သွယ်မှု၌ ကမ္ဘာကို ဦးဆောင်နိုင်ခဲ့

Last Updated:

၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုနှင့် အစိမ်းရောင်နှင့် ကာဗွန် နည်းသော အသွင်ကူးပြောင်းမှုကို ကမ္ဘာလုံးဆိုင်ရာတုံ့ပြန်မှုတွင် အစိမ်းရောင်ထုတ်ကုန်များ သိသိသာသာ ပံ့ပိုးပေးခြင်းဖြင့် ကမ္ဘာ့အစိမ်းရောင်ကုန်သွယ်မှု၌ ရှေ့တန်းမှ ဦးဆောင်နိုင်ခဲ့ ကြောင်း အကောက်ခွန်အထွေထွေ အုပ်ချုပ်ရေးဖွဲ့ (General Administration of Customs-GAC) ၏ စာရင်းအင်းနှင့် ခွဲခြမ်းစိတ်ဖြာမှုဌာန (Department of Statistics and Analysis) ညွှန်ကြားရေးမှူး Lyu Daliang က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ လေအားတာဘိုင်များ တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် ၇၀ ရာခိုင်နှုန်း ကျော် တိုးလာခဲ့ပြီး photovoltaic (PV) ထုတ်ကုန်များသည် စတုတ္ထနှစ်မြောက် ဆက်တိုက် တင်ပို့မှု ယွမ် ၂၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၃၈ ဘီလီယံ) ကျော်ဖြင့် ၎င်းတို့၏ ခိုင်မာသော စွမ်းဆောင်ရည်ကို ထိန်း သိမ်းထားခဲ့ကြောင်းနှင့် လီသီယမ်ဘက်ထရီ (Lithium battery) တင်ပို့မှုတွင်လည်း စံချိန်တင် မြင့်မားခဲ့ကြောင်း တွေ့ရှိရသည်။

 

တရုတ်နိုင်ငံ အရှေ့ဘက် ကျန်းစူး (Jiangsu) ပြည်နယ်၊ ကွေရှန်းမြို့ (Kunshan) တွင် နေရောင်ခြည် ခြေရာခံကိရိယာများ (solar trackers) အပါအဝင် ထုတ်ကုန်များကို အဓိကထုတ်လုပ်သည့် Arctech Solar Holding Co., Ltd. ကဲ့သို့သော ကုမ္ပဏီများသည် အောင်မြင်မှု သာဓကတစ်ခု ဖြစ်သည်။ ကုမ္ပဏီဝန်ထမ်း များသည် နိုင်ငံ၏ အရှေ့အလယ်ပိုင်း ရှိ PV စီမံကိန်းများအတွက် ရည်ရွယ်ထုတ်လုပ်ထားသော ထိန်းချုပ်ကိရိယာသစ်များကို စမ်း သပ်ရန် အလုပ်များနေကြသည်။

၎င်းတို့၏ ဆိုလာခြေရာခံကိရိယာများသည် သဲသောင်ကုန်းမှ တောင်စောင်းများအထိ အမျိုးမျိုး သော မြေမျက်နှာသွင်ပြင်နှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်ကြောင်း ဝယ်ယူသုံးစွဲသူများ ၏ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်များကို သိသိသာသာ လျှော့ချနိုင်ကြောင်း ကုမ္ပဏီ၏ အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ Zhou Shijun က ပြောကြားခဲ့သည်။ ကုမ္ပဏီသည် ၂၀၂၄ ခုနှစ် တွင် ဆိုလာခြေရာခံ ကိရိယာများ အရောင်းရငွေ ယွမ် ၉ ဘီလီယံခန့် ရှိခဲ့ပြီး ယခင်နှစ် များထက် သိသိသာသာ တိုးတက်လာခဲ့သည်။

 

တရုတ်နိုင်ငံ၏ အစိမ်းရောင်ထုတ်ကုန် တင်ပို့မှု အရှိန်အဟုန်သည် ရောင်းလိုအားနှင့် ဝယ်လိုအား အားကောင်းလာခြင်းကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကူးအပြောင်းမှုသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာနေခြင်းကြောင့် စျေးကွက် ဝယ်လိုအားကို ဖြစ်ပေါ်စေခြင်းဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများအနေဖြင့် လေနှင့် နေရောင်ခြည်စွမ်းအင်တို့ဖြင့် စွမ်းအင်အရင်းအမြစ်သစ်များ သုံးစွဲမှုမြင့်တက်လာကြောင်း၊ မကြားသေးမီနှစ်များတွင် လေအားတပ်ဆင်မှု နှစ်စဉ်ပျမ်းမျှပမာဏသည် ဆက်လက် တိုးတက်လာလျက်ရှိကြောင်း တရုတ်နိုင်ငံ လျှပ်စစ်ကောင်စီ (China Electricity Council) မှ Liu Zhiqiang က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် နှစ်ပေါင်းများစွာ နည်းပညာများ စုဆောင်းမှုကြောင့် အပြည့်စုံဆုံး ပံ့ပိုးပေးနိုင်သည့် အထောက်အကူပြုဝန်ဆောင်မှုများ ပါဝင်သော ကမ္ဘာ့ အကြီးဆုံးနှင့် အပြည့်စုံဆုံး လေအား လျှပ်စစ် လုပ်ငန်းကွင်းဆက် (most complete wind power industry chain) ကို ထူထောင်နိုင်ခဲ့ကြောင်း၊ လေအားစွမ်းအင်ကဏ္ဍတွင် နိုင်ငံတကာ ပြိုင်ဘက်များထက် နည်းပညာနှင့် ကုန်ကျစရိတ်သက်သာမှုတို့တွင် သိသိသာသာ နေရာရ လာခဲ့ကြောင်း၊ အဆိုပါ များစွာသော အားသာချက်များသည် တရုတ်နိုင်ငံ၏ လေတာဘိုင်များ တင်ပို့မှု လျင်မြန်စွာ ကြီးထွားလာမှုကို အထောက်အကူဖြစ်စေကြောင်း Liu က မှတ်ချက်ပြု ပြောကြားခဲ့သည်။

အစိမ်းရောင် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လျှပ်စစ်မီးရထား စက်ခေါင်းများ၏ ပို့ကုန်ပမာဏသည် ငါးနှစ်ဆက်တိုက် တိုးတက်လာခဲ့ပြီး လျှပ်စစ်ဆိုင်ကယ်များနှင့် လျှပ်စစ် စက်ဘီးများ၏ တင်ပို့မှု တန်ဖိုးသည် ၂၀၂၄ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ယွမ် ၄၀ ဘီလီယံကျော် ရှိခဲ့ကြောင်း GAC အချက် အလက်များအရ သိရှိရသည်။ တရုတ်နိုင်ငံ၏ လျှပ်စစ်ကားများ တင်ပို့မှုသည်လည်း ၂၀၂၄ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အစီးရေ ၂ သန်းကျော် ရှိခဲ့ကြောင်း သိရှိရသည်။

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံသည် နိုင်ငံတကာဈေးကွက်သို့ ပရီမီယံ သန့်စင်သော စွမ်းအင်ထုတ်ကုန်များ (premium clean energy products) နှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်တွင် ထုတ်ပြန်ခဲ့သော "China's Energy Transition" စက္ကူဖြူစာတမ်း အရ သိရှိရသည်။ တရုတ်နိုင်ငံသည် စွမ်းအင်သစ်နည်းပညာများကို အရှိန်အဟုန်ဖြင့် အဆင့်မြှင့်တင်နိုင်ရန်အတွက် နည်းပညာ ဆန်းသစ် တီထွင်မှုတွင် နှစ်ဆတိုးမြှင့် အားထုတ်ကြိုးပမ်းခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ လေအားလျှပ်စစ်နှင့် PV ဓာတ်အားကုန်ကျစရိတ်များကို သိသိသာသာလျှော့ချနိုင်ခဲ့ကြောင်း သိရှိရသည်။

လွန်ခဲ့သော ၁၀ နှစ်အတွင်း ကမ္ဘာ့ လေအားလျှပ်စစ်စီမံကိန်းများ၏ တစ်ကီလိုဝပ် နာရီ လျှင် ပျမ်းမျှကုန်ကျစရိတ်များထက် ၆၀ ရာခိုင်နှုန်းကျော် နှင့် PV ဓာတ်အားပေး စီမံကိန်းများတွင် ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း နိုင်ငံတကာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အေဂျင်စီ (International Renewable Energy Agency-IRENA) မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အတွက် အခွင့်အလမ်းသစ်များကို ဖန်တီးနိုင်ခဲ့ကြောင်း တရုတ် အမျိုးသားစွမ်းအင် စီမံခန့်ခွဲရေးအဖွဲ့ (National Energy Administration) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်နှင့် ကာဗွန်နည်းသော အသွင်ကူးပြောင်းရေးတို့တွင် တရုတ်နိုင်ငံ၏ ထူးခြားစွာ ပံ့ပိုးကူညီမှုသည် နိုင်ငံတကာအသိုင်းအဝိုင်း၌ ချီးကျူးမှုများ ရရှိခဲ့ကြောင်း၊ မကြာသေးမီ နှစ်များအတွင်း တရုတ်နိုင်ငံသည် စရိတ်ပိုမိုချွေတာနိုင်သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တီထွင်ဆန်းသစ်မှု နည်းပညာများ (renewable energy innovative technologies) ကို ပံ့ပိုးပေးလျက်ရှိပြီး ကမ္ဘာတစ်ဝှမ်းရှိ စွမ်းအင်သစ် ထုတ်လုပ်ခြင်းများအတွက် ကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချနိုင်ခဲ့ကြောင်း IRENA ညွှန်ကြားရေးမှူးချုပ် Francesco La Camera က ပြောကြားခဲ့သည်။

လက်ရှိတွင် တရုတ်ကုမ္ပဏီများအနေဖြင့် အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ် ရာတွင် အစိမ်းရောင်နှင့် ကာဗွန်နည်းသော အခြေခံသဘောတရားများကို ပေါင်းစည်း၍ ကမ္ဘာ့ ဈေးကွက်အတွင်း ထောက်ပံ့မှုကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

 

တရုတ်နိုင်ငံ၏ ဒေသအများတွင် အစိမ်းရောင်ကုန်သွယ်မှုကို အဓိကဦးစားပေးအဖြစ် တိုးမြှင့် လုပ်ဆောင်လာကြသည်။ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲကျန်း (Zhejiang) ပြည်နယ်ရှိ နင်ဘိုမြို့ (Ningbo) သည် အစိမ်းရောင်ကုန်သွယ်မှု မြှင့်တင်ခြင်းနှင့် ကာဗွန်နည်းသော ထုတ်ကုန်များ တင်ပို့မှု မြှင့်တင်ခြင်း အပါအဝင် နိုင်ငံခြားကုန်သွယ်မှု အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့ သည်။ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစူး ပြည်နယ်တွင် နန်ကျင်းမြို့ သည် Nanjing International Green Trade Service Platform ကို ၂၀၂၄ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး မြို့တော်၏ စွမ်းအင်သစ်ထုတ်ကုန်များ တင်ပို့ရာ၌ လွယ်ကူချောမွေ့စေရန်အတွက် နိုင်ငံခြားကုန်သွယ်မှုကုမ္ပဏီများကို “carbon footprint” ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့သည်။

ကမ္ဘာ့အဖွဲ့အစည်းများအနေဖြင့် အစိမ်းရောင်းကုန်သွယ်မှု အတားအဆီးများကို ချေဖျက်၍ အစိမ်း ရောင် စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာကြသည်။ ၂၀၂၄ ခုနှစ် နိုင်ငံတကာ စက်မှု ပူးပေါင်းဆောင်ရွက်ရေးညီလာခံ (စင်္ကာပူ) (2024 Conference on International Industrial Cooperation (Singapore)) နှင့် တရုတ်စက်ယန္တရားများနှင့် အီလက်ထရွန်းနစ်ထုတ်ကုန်အမှတ်တံဆိပ်ပြပွဲ (Chinese Machinery and Electronic Products Brand Exhibition) တို့တွင် တရုတ်နိုင်ငံသည် စက်ပစ္စည်းနှင့် အီလက်ထရွန်းနစ် ထုတ်ကုန်များအတွက် တရုတ်ကာဗွန်အမှတ်တံဆိပ် (China Carbon Label) ကို ပထမဆုံးအကြိမ် ဖော်ထုတ်ပြသခဲ့သည်။

သာမန်ကာဗွန်အမှတ်တံဆိပ်များနှင့် နှိုင်းယှဉ်ပါက စက်ယန္တရားနှင့် အီလက်ထရွန်းနစ် ထုတ်ကုန် များအတွက် China Carbon Label တွင် ကာဗွန်ကို ခြေရာခံနိုင်မှု စနစ်ပါရှိပြီး စစ်မှန်သော မြင်နိုင်စွမ်း၊ ခြေရာခံနိုင်မှုနှင့် ထုတ်ကုန် ကာဗွန်လက္ခဏာများကို မှတ်မိနိုင် စေနိုင်သည်။ အဆိုပါ အမှတ်တံဆိပ်သည် တရုတ်လုပ်ငန်းများအတွက် နိုင်ငံတကာ ချဲ့ထွင်မှု တွင် လွယ်ကူချောမွေ့စေနိုင်သည်။

တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၂၀၂၄  ခုနှစ် နှစ်စပိုင်း မှ စတင်၍ အစိမ်းရောင် ကုန်သွယ်မှု လမ်းကြောင်းများကို အနီးကပ် စောင့်ကြည့်လျက်ရှိပြီး နိုင်ငံခြားကုန်သွယ်ရေး ကုမ္ပဏီများ၏ လိုအပ်ချက်များကို နားလည်ထားကြောင်း၊ ဘာသာရပ် အထူးပြု သင်တန်းများ၊ လက်စွဲ စာအုပ်များ၊ အကောင်းဆုံး အလေ့အကျင့်ဆိုင်ရာကိစ္စများ (best practice cases) နှင့် ပြည်သူ့ဝန်ဆောင်မှု ပလက်ဖောင်းများ (public service platforms) မှတစ်ဆင့် အစိမ်းရောင်နှင့် ကာဗွန်နည်းသော ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားရန် ဝန်ကြီး ဌာနမှ နိုင်ငံခြားကုန်သွယ်ရေးကုမ္ပဏီများသို့ လမ်းညွှန်ခဲ့ကြောင်း  တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု ထောက်ပံ့ရေးကွင်းဆက်၏ အစိမ်းရောင် အသွင်ကူးပြောင်းမှုကို အရှိန်မြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံခြား ကုန်သွယ်မှု လုပ်ငန်းစဉ် တစ်လျောက်လုံးတွင် အစိမ်းရောင်နှင့် ကာဗွန်နည်းသော ချဉ်းကပ် ဆောင်ရွက်မှု ကို မြှင့်တင်သွားနိုင်ရန်အတွက် အစိမ်းရောင် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများချမှတ် နိုင်ရေး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြား ကုန်သွယ်မှု ဦးစီးဌာနမှ အရာ ရှိ Meng Yue က ပြောကြားခဲ့သည်။

အရင်းအမြစ်။ http://en.people.cn/n3/2025/0214/c90000-20276650.html

စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News