International News

၂၀၂၅ ခုနှစ်တွင်း ဖိလစ်ပိုင်နိုင်ငံ၏ ဆန်လိုအပ်ချက် တန်ချိန် ၁၅ သန်းခန့်ရှိမည်ဟု ခန့်မှန်း

Last Updated:

၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းဆန်လိုအပ်ချက် တန်ချိန် ၁၅ သန်း ကျော် မည်ဖြစ်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာမှ ၁၇-၂-၂၀၂၅ ရက်နေ့က ပြောကြား ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်အတွင်း စိုက်ပျိုးနိုင်မှုအခြေအနေကောင်းမွန်သဖြင့် စပါးရိတ်သိမ်းမှု မြင့်တက်နိုင်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်မှလည်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ် က အယ်နီညိုနှင့် လာနီညာရာသီဥတုတို့သည်  ပြည်တွင်းဆန်ထုတ်လုပ်မှုအပေါ်  သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ  စပါး (Palay/unmilled rice) ထွက်ရှိမှုသည် ၁၉.၄၁ မက်ထရစ်တန်ဖြစ်ပြီး ၂၀၂၃ ခုနှစ်က ၂၀.၀၆ မက်ထရစ်တန်ရှိခဲ့ပါသည်။

သို့ရာတွင် အစိုးရ၏ စိုက်ပျိုးရေ ရရှိရေးနှင့် မျိုးစေ့များ ထောက်ပံ့ပေးမှုများကြောင့် ၂၀၂၅ ခုနှစ် အတွင်း စပါးအထွက်နှုန်းမြင့်တက်လာနိုင်ပါကြောင်း၊ Food Industry မှလည်း ဆန်လိုအပ်ချက် ၁၃.၄ မက်ထရစ်တန်ခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားရှိပါသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပြည်ပမှ တင်သွင်းထားသည့် ဆန် တန်ချိန် ၁၀၁,၁၁၅.၉၀ မက်ထရစ် တန် ရောက်ရှိထားပြီးဖြစ်ပါကြောင်း နှင့် ၆၁.၅၄ % အား ဈေးကွက်တွင်း ဖြန့်ချိထားပြီး ဖြစ်ပါသည်။ ဖေဖော်ဝါရီလအတွင်း ဆန်တန်ချိန် ၁၅၄,၆၉၂.၀၄ မက်ထရစ်တန် ရောက်ရှိသွား ရန် ခန့်မှန်းထားကြောင်း ဖော်ပြပါရှိပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဆန်တန်ချိန် ၂၇၃,၃၁၇.၆၉ မက်ထရစ်တန် တင်သွင်းထားခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ ၏ ဆန်တင်သွင်းမှုမှာ  မက်ထရစ်တန်ချိန် ၃.၆ သန်းရှိရာမှ ၂၀၂၄ ခုနှစ်တွင်ဆန် တန်ချိန် ၄.၆၈ သန်း ထိ စံချိန်တင် တင်သွင်းမှုများ ရှိခဲ့ပါသည်။

ပြည်တွင်းဆန်လက်လီဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ဖိလစ်ပိုင် စိုက်ပျိုးရေး ဝန်ကြီးဌာန မှအမြင့်ဆုံးဆန်ဈေးနှုန်းသတ်မှတ်ချက်(Maximum Suggested Retail Price-MSRP) အား သတ်မှတ်ခြင်း၊ စားနပ်ရိက္ခာဖူလုံရေးအရေးပေါ်ကြေငြာချက်အား ထုတ်ပြန် ကြေညာခဲ့ပြီး အဆိုပါအစီအစဉ်အရ အစိုးရမှ ဆန်အရန်ရိက္ခာများအား ဈေးကွက်ထဲသို့ ဖြန့်ချိ ရောင်းချပေးခဲ့ပါသည်။ ၁၄-၂-၂၀၂၅ ရက်နေ့ရှိ ပြည်ပမှ တင်သွင်းသည့် ဆန် (5% broken) ဈေးနှုန်းမှာ တစ်ကီလိုလျှင် ၅၂ ပီဆို ဖြစ်ပါကြောင်း၊ လာမည့် မတ်လအတွင် ဆန်တစ်ကီလို လျှင် ၄၉ ပီဆို ထိ လျှော့ချနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

စားနပ်ရိက္ခာဖူလုံရေးအရေးပေါ်ကြေငြာချက်အား ထုတ်ပြန်ခဲ့ပြီးနောက် ဖိလစ်ပိုင် စားနပ်ရိက္ခာ ဖူလုံရေးအာဏာပိုင်အဖွဲ့ (National Food Authority-NFA) မှ အစိုးရဆန် သက်သာဆိုင် (Kadiwa Outlets) များမှတစ်ဆင့် ဈေးကွက်တွင်းသို့ဆန်တန်ချိန် ၁၅၀,၀၀၀ အား ဖြန့်ချိရောင်းချပေးခဲ့ပါသည်။ အထူးသဖြင့်မြို့တော်မနီလာအပါအဝင် မက်ထရိုမနီလာ ဈေးကွက်များအတွင်းသို့ အဓိကထားရောင်းချ ပေးခဲ့ခြင်းဖြစ်ပါသည်။ထို့ကြောင့် ဈေးကွက် တွင်း ပြည်ပမှတင်သွင်းသည့်ဆန်(well-milled) တစ်ကီလို လျှင် ၃၈ ပီဆို မှ ၃၅ ပီဆိုသို့ လည်းကောင်း၊ special white rice တစ်ကီလိုလျှင် ၅၈ ပီဆိုမှ ၅၅ ပီဆိုသို့လည်းကောင်း၊ Premium Rice တစ်ကီလိုလျှင် ၅၅ ပီဆိုမှ ၅၀ ပီဆိုသို့လည်းကောင်း အသီးသီး ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

(စီးပွားရေးသံမှူး၊ မနီလာမြို့)         

Category: International News