သမ္မတဒေါ်နယ်ထရမ့်၏ သွင်းကုန်ခွန်သတ်မှတ်ကောက်ခံပါက အမေရိကန်နိုင်ငံ၏ စိုက်ပျိုးရေးဈေးကွက်သည် ထိခိုက်မှုအရှိဆုံးကဏ္ဍတစ်ခုဖြစ်လာနိုင်ကြောင်း သတင်းများအရ သိရှိရ ပါသည်။
သမ္မတဒေါ်နယ်ထရမ့်က သွင်းကုန်ခွန်ကောက်ခံရန် ခြိမ်းခြောက်ထားသည့်နိုင်ငံများသို့ အမေရိကန်စိုက်ပျိုးရေးသီးနှံများ အဓိကတင်ပို့လျက်ရှိရာ တရုတ်နိုင်ငံနှင့် မက္ကဆီကိုနိုင်ငံသို့ အမေရိကန်နိုင်ငံ၏ ဝက်သားများ အဓိကတင်ပို့လျက်ရှိကြောင်း သိရပါသည်။ သမ္မတဒေါ် နယ်ထရမ့်၏ သွင်းကုန်ခွန်ကောက်ခံရန်ခြိမ်းခြောက်မှုကြောင့် ယင်းနိုင်ငံများက အမေရိကန်နိုင်ငံ မှ ကုန်ပစ္စည်းများကို ဝယ်ယူခြင်းမပြုလျှင် အမေရိကန်နိုင်ငံ၏ အဓိကကုန်စည်ဒိုင်တစ်ခုဖြစ် သည့် ချီကာဂိုကုန်သွယ်မှုအဖွဲ့၏ သီးနှံကြိုရောင်းဈေးနှုန်းများကျဆင်းလာနိုင်ပါသည်။ ၁-၂-၂၀၂၅ ရက် နောက်ပိုင်းတွင် ကုန်သည်များအနေဖြင့် တရုတ်နှင့် ဥရောပနိုင်ငံများမှ ကုန်ပစ္စည်း များ တင်သွင်းရာတွင် သွင်းကုန်ခွန် (၁၀) ရာခိုင်နှုန်းနှင့် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ သွင်းကုန်များအပေါ် (၂၅) ရာခိုင်နှုန်းကိုပါ ထည့်သွင်းတွက်ချက်ရန် လိုအပ်လာမည်ဖြစ်ပါသည်။ ထို့အပြင် သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတပူတင်အား ရုရှား-ယူကရိန်းပဋိပက္ခကို ရပ်တန့် ခြင်း မပြုပါက သွင်းကုန်ခွန် သတ်မှတ်ကောက်ခံသွားမည်ဟု ၂၂-၁-၂၀၂၅ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက် Truth Social တွင် ရေးသား၍ ခြိမ်းခြောက်ခဲ့ပါသည်။ သမ္မတဒေါ်နယ်ထရမ့်၏ ပထမ အကြိမ်သမ္မတ သက်တမ်းတွင် တရုတ်နိုင်ငံအား အမေရိကန်နိုင်ငံမှ ပဲပုပ်မတ်ထရစ်တန် (၂၄.၄) သန်း ဝယ်ယူရန် ညှိနှိုင်းခဲ့သော်လည်း တရုတ်ကဝယ်ယူခဲ့ခြင်းမရှိသဖြင့် ပဲပုပ်ဈေးနှုန်း ကျဆင်းခဲ့ပြီး ဈေးနှုန်းကျဆင်းမှုကို ပြန်လည်ထေမိစေရန် အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနက ဒေါ်လာသန်းချီ ထောက်ပံ့ပေးခဲ့ရကြောင်း သိရှိရပါသည်။ သမ္မတဒေါ်နယ်ထရမ့်၏ မှတ်ချက်များ ကြောင့် ချီကာဂိုကုန်သွယ်မှုအဖွဲ့၌ သီးနှံကြိုရောင်းဈေးနှုန်းများသည် အတက်အကျများ မြန်ဆန်ခဲ့ပြီး ၂၂-၁-၂၀၂၅ ရက် နေ့လယ်ပိုင်းတွင် သီးနှံဈေးနှုန်းကျဆင်းခဲ့ရာ ပြောင်းကြိုရောင်း ဈေးနှုန်းသည် (၁.၅) ရာခိုင်နှုန်း၊ ပဲပုပ်ကြိုရောင်း ဈေးနှုန်းသည် (၁.၄) ရာခိုင်နှုန်းနှင့် ဂျုံကြိုရောင်း ဈေးနှုန်းသည် (၁.၁) ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ပါသည်။
သို့ရာတွင် သမ္မတဒေါ်နယ်ထရမ့်၏ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တရုတ်ဒုတိယသမ္မတ တက် ရောက်ခဲ့ခြင်း၊ ၂၄-၁-၂၀၂၅ ရက်(သောကြာနေ့)တွင် တရုတ်သမ္မတနှင့် သမ္မတဒေါ်နယ်ထရမ့်တို့ ဆက်သွယ်ပြောကြားရန်ရှိခြင်းတို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် သမ္မတဒေါ်နယ်ထရမ့်နှင့် ကုန်သွယ်ရေးညှိနှိုင်းမှုများ ဆောင်ရွက်မည့် အခြေအနေရှိကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံ သည် အမေရိကန်စိုက်ပျိုးရေး ထုတ်ကုန်အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်ပြီး အမေရိကန်နိုင်ငံ ၏ သီးနှံနှင့် အသားအဓိကဝယ်ယူသည့် နိုင်ငံလည်းဖြစ်ပါသည်။ ထို့ကြောင့် အကယ်၍ တရုတ်၊ ကနေဒါ၊ မက္ကဆီကိုနှင့် ဥရောပသမဂ္ဂနိုင်ငံများအပေါ် သမ္မတဒေါ်နယ်ထရမ့်က သွင်းကုန်ခွန် သတ်မှတ်ကောက်ခံခဲ့ပါက အမေရိကန်နိုင်ငံ၏ စိုက်ပျိုးရေးဈေးကွက်သည် အတက်အကျ ကြမ်း နိုင်ကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။