အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ် သွင်းကုန်များအပေါ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ အကောက်ခွန်ကောက်ခံသွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။
ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့မှ ရွှေ့ပြောင်းနေထိုင်သူအများအပြားနှင့် Fentanyl မူးယစ်ဆေး အများအပြားဝင်ရောက်လျက်ရှိသဖြင့် ၁-၂-၂၀၂၅ ရက်မှစ၍ ကနေဒါနှင့် မက္ကဆီကို နိုင်ငံတို့မှ သွင်းကုန်များအပေါ် အကောက်ခွန် (၂၅) ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း ၂၀-၁-၂၀၂၅ ရက် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ညနေပိုင်းတွင်လည်းကောင်း၊ တရုတ်နိုင်ငံက Fentanyl မူးယစ်ဆေးများကို ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများသို့ ပို့ဆောင်လျက်ရှိသဖြင့် ၁-၂-၂၀၂၅ ရက်၌ပင် တရုတ်နိုင်ငံမှသွင်းကုန်များကို အကောက်ခွန် (၁၀) ရာခိုင်နှုန်း ထပ်တိုးကောက်ခံသွားမည်ဟု ၂၁-၁-၂၀၂၅ ရက်တွင်လည်းကောင်း သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။ ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်တို့သည် အမေရိကန်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများဖြစ်ပြီး ယင်းသို့ သွင်းကုန်များအပေါ် အကောက်ခွန်တိုးမြှင့်ကောက်ခံပါက အဆိုပါနိုင်ငံများနှင့် အမေရိကန်နိုင်ငံ၏ သံတမန် ဆက်ဆံရေးကို ထိခိုက်စေနိုင်သကဲ့သို့ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်ကိုပါ ကမောက်ကမဖြစ်စေနိုင်ပါသည်။ ၂၀၂၃ ခုနှစ်တွင် အဆိုပါနိုင်ငံ(၃) နိုင်ငံသည် အမေရိကန်နိုင်ငံမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁) ထရီလီယံကျော်ကို ဝယ်ယူခဲ့ကြပြီး အမေရိကန်နိုင်ငံသို့ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၅) ထရီလီယံကျော် ရောင်းချခဲ့ကြပါသည်။
ကနေဒါနှင့် မက္ကဆီကိုအစိုးရများအနေဖြင့် သွင်းကုန်ခွန်များကို ရှောင်ရှားနိုင်ရန် ၎င်းနိုင်ငံ များမှ အမေရိကန်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိသည့် ရွှေ့ပြောင်းနေထိုင်သူများနှင့် မူးယစ်ဆေးဝါးများကို ရပ်တန့်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်က တရုတ်နိုင်ငံအနေဖြင့် နိုင်ငံ၏ အကျိုးစီးပွား ကို ကာကွယ်စောင့် ရှောက်သွားမည်ဖြစ်ပြီး ကုန်သွယ်ရေးစစ်ပွဲနှင့် သွင်းကုန်ခွန် သတ်မှတ် ကောက်ခံပါက နှစ်ဦးနှစ်ဘက် အကျိုးမရှိနိုင်ဟု တုံ့ပြန်ပြောကြားခဲ့ပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။