ဗီယက်နမ်နိုင်ငံ အစိုးရသည် အမိန့်အမှတ် ၂၆/၂၀၂၃/ND-CP ပါ ပြဋ္ဌာန်းချက်အချို့ကို ပြင်ဆင်ဖြည့်စွက်သည့် အမိန့်အမှတ် ၁၄၄/၂၀၂၄/ND-CP ကို ပြဋ္ဌာန်းခဲ့ပြီး ပို့ကုန်အကောက်ခွန် အချိန်ဇယား၊ ဦးစားပေးသွင်းကုန်ခွန်၊ ကုန်ပစ္စည်းအမျိုးအမည်နှင့် နှုန်းထား၊ ပုံသေနှုန်းထား၊ ပေါင်းစပ်နှုန်းထား၊ ခွဲတမ်းမဟုတ်သော သွင်းကုန်ခွန်များ ထည့်သွင်းဖော်ပြထားသည်။
အဆိုပါအမိန့်ကြေညာချက်သည် ဒီဇင်ဘာ ၁၆ ရက်မှ စတင်အသက်ဝင်မည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချရန်နှင့် မက်ခရိုစီးပွားရေး တည်ငြိမ်စေရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်း ဖော်ပြပါရှိပါသည်။
အဆိုပါအမိန့်သည် အုပ်စု ၂၃.၀၄၊ “ဆီထွက်သီးနှံအကြွင်းအကျန်များနှင့် အစေ့အဆန် ပုံစံဖြစ်စေ ၊ ဆီထုတ်ပြီးနောက်ဖြစ်စေ အကြွင်းအကျန် အစိုင်အခဲများ” အတွက် သွင်းကုန်ခွန်ကို ၂ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းအထိ လျှော့ချပေးမည်ဖြစ်သည်။ ထိုကဲ့သို့ လျှော့ချခြင်းသည် ပြည်တွင်းပဲပုပ်လုပ်ငန်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြင့်တင်ပေးပြီး မွေးမြူရေးကဏ္ဍအတွက် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်မည်ဖြစ်ကာ ကုန်ကြမ်းအတွက် အရင်းအမြစ်များ သေချာစေမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဆေးရွက်ကြီးပါဝင်သော ထုတ်ကုန်များ၊ ဆေးရွက်ကြီးပါဝင်သည့် ဆေးလိပ်၊ နီကိုတင်း သို့မဟုတ် ဆေးရွက်ကြီးအရွက် အစားထိုးပစ္စည်းများ၊ သို့မဟုတ် လောင်ကျွမ်းခြင်း မရှိသည့် နီကိုတင်း အစားထိုးပစ္စည်းများနှင့် အခြားနီကိုတင်းပါသော ထုတ်ကုန် များသည် သွင်းကုန်ခွန် ၅၀ ရာခိုင်နှုန်းထိ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။
အီလက်ထရွန်နစ်စီးကရက်နှင့် အလားတူ Vaporizers ပစ္စည်းများအတွက် သွင်းကုန်ခွန် နှုန်းထားမှာ ဆေးလိပ်ထုတ်ကုန်များအပေါ် ကောက်ခံသည့် သွင်းကုန်ခွန်နှုန်းထားနှင့် ညီမျှပြီး ၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ တိုးမြင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
Source: VN Economy
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)