International News

တရုတ်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံမှ ဒူးရင်းတင်ပို့မှုသည် ထိုင်းနိုင်ငံထက် သာလွန်ရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် စက်တင်ဘာလတွင် တရုတ်နိုင်ငံသို့ ဒူးရင်းသီးတန်ချိန် ၁၇၇,၀၀၀၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၄၀.၇၂ သန်း တင်ပို့ခဲ့ပြီး အဆိုပါဈေးကွက်အတွင်း ဒူးရင်းသီးအများဆုံးရောင်းချသည့် ထိုင်းနိုင်ငံကို ကျော်တက်သွားကြောင်း တွေ့ရှိရပါသည်။ တရုတ်နိုင်ငံမှ တစ်လတာအတွင်း အသုံးစရိတ် အမေရိကန်ဒေါ်လာ ၈၉၄.၅၈ သန်းဖြင့် စုစုပါင်း တန်ချိန် ၂၂၈,၀၀၀ တင်သွင်းခဲ့ပြီး ထိုကာလအတွင်း ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်သည် တင်ပို့မှု စုစုပေါင်း၏ ၇၇.၆ ရာခိုင်နှုန်းရှိကြောင်း တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်ဦးစီးဌာန၏ သတင်းကို ကိုးကား၍ Thanh Nien သတင်းစာကဖော်ပြခဲ့ပါသည်။

သို့သော် ထိုင်းနိုင်ငံသည် ယခုနှစ် ပထမ ၉ လ အတွင်း ဒူးရင်းသီးတင်ပို့ရာတွင် ဦးဆောင်နေခဲ့ပြီး တန်ချိန် ၇၅၅,၀၀၀ နီးပါးတင်ပို့ခဲ့ကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃.၇၃ ဘီလီယံရှိကြောင်း၊ ဈေးကွက်ဝေစုအနေဖြင့် ၅၄.၇ ရာခိုင်နှုန်းရှိကြောင်း Dan tri အွန်လိုင်း သတင်းစာက ဖော်ပြခဲ့သည်။ သို့ရာတွင် အဆိုပါကိန်းဂဏန်းများသည် တစ်နှစ်ထက်တစ်နှစ် ၁၄.၁ ရာခိုင်နှုန်းနှင့် ၁၃.၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

ဗီယက်နမ်သည် အလားတူကာလအတွင်း သိသိသာသာတိုးတက်မှုရရှိခဲ့ပြီး အမေရိကန် ဒေါ်လာ ၂.၄၅ ဘီလီယံတန်ဖိုးရှိ ဒူးရင်းသီး တန်ချိန် ၆၁၈,၀၀၀ တင်ပို့ခဲ့သည်။ ၎င်းသည် ပမာဏအားဖြင့် ၇၂.၂ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၅၇.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်းမှ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen ၏ ပြောကြားချက်အရ ဗီယက်နမ်နိုင်ငံသည် ဒူးရင်းသီးတင်ပို့သည့် ဈေးကွက် အတွင်း ရာသီချိန်ပြင်ပ ဒူးရင်းသီးများကို ထိုင်းဒူးရင်းရာသီကုန်ဆုံးပြီးချိန်တွင် တင်ပို့နိုင် ခြင်းကြောင့် အသာစီးရရှိခြင်းဖြစ်ကြောင်း သိရှိရပါသည်။

နှစ်ကုန်အားလပ်ရက်များနှင့် နှစ်သစ်ကူးပွဲတော်အတွက် စားသုံးသူများ ၀ယ်လိုအားတိုး လာသောကြောင့် တရုတ်ဝယ်လိုအားလည်း မြင့်တက်လာသည်ဟု Nguyen က ပြောကြား ခဲ့ပါသည်။ ဗီယက်နမ်သည် တရုတ်နိုင်ငံနှင့် ကုန်းလမ်းနှင့် ရထားလမ်းများ ချိတ်ဆက်မှုကဲ့သို့သော သယ်ယူပို့ဆောင်ရေး အားသာချက်များမှ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ ပို့ကုန်များ တင်ပို့ရာတွင် အချိန်နှင့် ကုန်ကျစရိတ်များကို သက်သာစေကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

ဒူးရင်းဈေးကွက်အတွင်း ၎င်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးမြှင့်တင်ရေးအေဂျင်စီသည် “One Tambon, One Digital” ဟုခေါ်သည့် စီမံကိန်းကို မကြာသေးမီက စတင်အကောင်အထည်ဖော်ခဲ့ပြီး၊ ၎င်းသည် ဒူးရင်းတောင်သူများ၏ ကုန်ထုတ်စွမ်းအားမြှင့်တင်ရန်၊ထိုင်းဒူးရင်းကို စားသုံးသူများ၏ ယုံကြည်မှုတည်ဆောက်ရန်နှင့် ကမ္ဘာ့အတိုင်းအတာဖြင့် တန်ဖိုးမြင့်ထုတ်ကုန်များ မြှင့်တင်ရန် ရည်ရွယ်ကြောင်း Bangkok Post တွင် ဖော်ပြထားပြီး တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများ၏ ပြိုင်ဆိုင်မှုတိုးလာခြင်းကြောင့် ဤ စီမံကိန်းသည် အထူးထင်ရှားကြောင်း သိရှိရပါသည်။

အဆိုပါ ပဏာမခြေလှမ်းသည် စိုက်ပျိုးမှုဆိုင်ရာဒေတာများမှတ်တမ်းတင်ခြင်းအတွက် ဒစ်ဂျစ်တယ် ပလက်ဖောင်းများအသုံးပြုခြင်းဖြင့် လွယ်ကူချောမွေ့စေကာ မွေးမြူရေး အိမ်ထောင်စု ၆,၁၀၀ ကျော်အတွက် အကျိုးကျေးဇူးရရှိစေမည်ဖြစ်ပါသည်။ ထို့အပြင် ပြည်နယ် ၂၃ ခုရှိ တောင်သူ ၁၂,၂၀၀ ကို ဒူးရင်းတင်ပို့မှုအတွက် မရှိမဖြစ် လိုအပ်သော E-commerce နှင့် Good Agricultural Practices (GAP) တို့အား လေ့ကျင့်သင်ကြားပေးရန် ရည်မှန်းထားကြောင်း ဖော်ပြထားသည်။ လက်ရှိတွင် ထိုင်းနိုင်ငံတွင် ဒူးရင်းစိုက်ဧက ဟက်တာ ၁၆၃,၂၀၀ ခန့်ရှိပြီး နှစ်စဉ် အသီးတန်ချိန် ၁.၅၃ သန်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၃ ခုနှစ်တွင် ဒူးရင်းသည် ထိုင်းနိုင်ငံ သစ်သီးတင်ပို့မှု၏ ၆၉ ရာခိုင်နှုန်း ပါဝင်ပြီး တရုတ်သို့ အဓိကဈေးကွက်အဖြစ် တင်ပို့လျက်ရှိကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံသို့ ၉၀ ရာခိုင်နှုန်းဖြစ်သည့် ဒူးရင်းတန်ချိန် ၅၀၀,၀၀၀၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံဖိုး တင်ပို့ခဲ့ကြောင်း ဖော်ပြထားသည်။ ဗီယက်နမ်နိုင်ငံတွင် စိုက်ဧက ဟက်တာ ၁၅၄,၀၀၀ ရှိပြီး အထွက်နှုန်း တန်ချိန် ၁.၂ သန်းရှိကြောင်း ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်အစောပိုင်းက တရုတ်နိုင်ငံသို့ ဒူးရင်းတင်ပို့မှု တွင် ထိုင်းနိုင်ငံကို ကျော်တက်ခဲ့ပြီး တန်ချိန် ၃၂,၇၅၀ တင်ပို့ခဲ့ပါသည်။ အလားတူကာလတွင် ထိုင်းနိုင်ငံ၏ တင်ပို့မှုမှာ တန်ချိန် ၁၉,၀၀၀ တန်ရှိပြီး ယခင်နှစ်ထက် ထက်ဝက်ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

 

Source: VN Express International

(စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ ဟနွိုင်းမြို့)

 

Category: International News