အိန္ဒိယနိုင်ငံသည် ဥရောပသမဂ္ဂ (EU) နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများကို ခိုင်မာစေရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen ဦးဆောင်သော EU အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယခုလ ၂၇ ရက် (ကြာသပ တေးနေ့) တွင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး၊ အဆိုပါ နှစ်ရက်ကြာ ခရီးစဉ်သည် ကမ္ဘာ့ အခြေအနေ များ ပြောင်းလဲလာသည်နှင့်အမျှ အိန္ဒိယနှင့် EU တို့အကြားရှိ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ကို ခိုင်မာစေရန်အတွက် သိသာထင်ရှားသော တွန်းအားတစ်ခုဖြစ်စေကြောင်း သိရသည်။
စီးပွားရေးဆက်ဆံရေးများ ပြန်လည်ရှင်သန်ရေးအတွက် စိတ်ဝင်စားမှု မြင့်တက်နေချိန်တွင် ယခု ခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ EU သည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးပဋိပက္ခများ တိုးပွားလာနေချိန်တွင် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးကို ခိုင်မာစေလိုကြောင်း ထင်ရှားသည်။ အိန္ဒိယနှင့် EU ထိပ်တန်းခေါင်းဆောင်များသည် ယခုလ ၂၈ ရက် (သောကြာနေ့) တွင် ပြီးခဲ့သည့် ၁၇ နှစ်တာကာလ အတွင်း ရည်မှန်းချက်ကြီးသော ကုန်သွယ်ရေးသဘောတူညီချက်ကို အပြီးသတ်ရေးအတွက် တွန်းအား ပေးရန် မျှော်လင့်ရကြောင်း သိရသည်။
"ပဋိပက္ခများနှင့် ပြင်းထန်သောယှဉ်ပြိုင်မှုများရှိသည့်ခေတ်တွင် ယုံကြည်ရသော မိတ်ဆွေများ လိုအပ်ပါတယ်။ ဥရောပအတွက် အိန္ဒိယသည် ထိုသို့သော မိတ်ဆွေ တစ်ဦးဖြစ်ပြီး မဟာဗျူဟာ မဟာမိတ်နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။" ဟု Von der Leyen က ပြောကြားခဲ့သည်။
EU သည် လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ ကုန်စည်များအတွက် အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၅ ဘီလီယံအထိ ရှိခဲ့ ပြီး ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ၉၀ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ဉာဏ်ရည်တု (AI) အပါအဝင် နည်းပညာသစ်များတွင် ဆက်ဆံရေးတိုးချဲ့လိုပြီး ကုန်သွယ်မှုကွင်းဆက် များ တည်ဆောက်ရာတွင် EU နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း သိရသည်။
လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် (FTA) နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ် နေသော်လည်း EU သည် အိန္ဒိယနိုင်ငံအား အချို့သော ကုန်ပစ္စည်းများအပေါ် တင်သွင်းခွန် လျှော့ချရန် တိုက်တွန်းထားသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) စည်းမျဉ်းများကို လိုက်နာ လျက်ရှိပြီး ပြည်တွင်းစက်မှုလုပ်ငန်းများနှင့် တိုင်ပင်ကာ အကောက်ခွန်များကို တဖြည်းဖြည်း လျှော့ချရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။
အဆိုပါ ခရီးစဉ်သည် EU နှင့် ထရမ့်အစိုးရအကြား တင်းမာမှုများ မြင့်တက်လာသည့် နောက်ခံ အခြေအနေတွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဆွေးနွေးမှုများအတွက် ပိုမိုအရေးပါစေမည်ဟု ယူဆရသည်။ နှစ်ဖက်စလုံးသည် ရုရှား-ယူကရိန်း ပဋိပက္ခနှင့် ပတ်သက်၍လည်း ဆွေးနွေးရန် မျှော်လင့်ရပြီး ယင်းကိစ္စ နှင့် ပတ်သက်၍ ၎င်းတို့တွင် သဘောထားကွဲလွဲမှုများ ရှိဖွယ်ရှိကြောင်း သိရသည်။
Source: The New Indian Express, India looks to bolster trade, defence ties with EU as delegation arrives, February 28, 2025.
စီးပွားရေးသံမှူး၊ ကောလ်ကတ္တားမြို့။