International News

အိန္ဒိယနိုင်ငံ ဆေးဝါးထိန်းချုပ်ရေးအဖွဲ့သည် တင်ပို့မှုလုပ်ငန်းစဉ်ကို ရိုးရှင်းစေပြီး လုပ်ငန်းတာဝန်များကို လျှော့ချမည်

Last Updated:

အိန္ဒိယနိုင်ငံ ဆေးဝါးများ စံချိန်စံညွှန်းထိန်းချုပ်ရေးဗဟိုအဖွဲ့ (The Central Drugs Standard Control Organisation-CDSCO) အနေဖြင့် ဆေးဝါးစက်ရုံပေါင်း ၁၀,၀၀၀ ကျော် ကို တာဝန်ယူကြီးကြပ်ရန် ဝန်ထမ်း ၂,၀၀၀ သာရှိသောကြောင့် ယခင်တင်ပို့မှု မှတ်တမ်းများ အပေါ်အခြေခံ၍ ပြည်ပသို့ တင်ပို့ရန်ခွင့်ပြုချက်များကို လွယ်ကူချောမွေ့စေပြီး၊ ထုတ်လုပ် ခြင်းနှင့် သုတေသနလုပ်ငန်းဆိုင်ရာ လိုင်စင်ထုတ်ပေးခြင်းလုပ်ငန်းစဉ်ကို ရိုးရှင်းအောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဆေးဝါးများစံချိန်စံညွှန်းထိန်းချုပ်ရေးဗဟိုအဖွဲ့အနေဖြင့် ၎င်းတို့၏ ဝန်ထမ်းများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်အတွက် ခွင့်ပြုချက်မရှိသော ဆေးဝါးများ တင်ပို့ ခြင်း ဆိုင်ရာကိစ္စရပ်များကို လွယ်ကူချောမွေ့စေခြင်းနှင့် ထုတ်လုပ်မှုလိုင်စင်ထုတ်ပေးခြင်း လုပ်ငန်းစဉ်ကို ရိုးရှင်းစေခြင်းအပါအဝင် ပြုပြင်ပြောင်းလဲမှုအမျိုးမျိုးကို အကောင်အထည် ဖော်ရန် ရည်ရွယ်ထားကြောင်း အဖွဲ့အစည်း၏ အကြီးအကဲက ယခုလ ၂၇ ရက်နေ့တွင် ပြော ကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ဆေးဝါးစက်ရုံပေါင်း ၁၀,၀၀၀ ကျော်နှင့် ဆေးဆိုင်ပေါင်း ၁ သန်းကို ကြီးကြပ်ရန် ၎င်းတို့တွင် ဝန်ထမ်း ၂,၀၀၀ ဦးသာရှိကြောင်း မစ္စတာ Rajeev Raghuvanshi က မွန်ဘိုင်းမြို့၌ ကျင်းပသော ညီလာခံတစ်ခုတွင် ပြောကြားခဲ့သည်။ "ကျွန်တော်တို့အနေနဲ့ ညတွင်းချင်းဝန်ထမ်းအင်အားကို တိုးမြှင့်လို့မရပါဘူး။" ဟု ၎င်းက ပြောကြားခဲ့သည်။ "ကျွန်တော် တို့ ဘာပဲလုပ်လုပ် ဘာတွေလျှော့ချရမလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာရပါမယ်။"ဟု ပြောကြားခဲ့ သည်။

အဆိုပါ ဗဟိုအစိုးရအဖွဲ့အစည်းသည် လျှောက်ထားသူ၏ ယခင်တင်ပို့မှု မှတ်တမ်းများ ကို ထည့်သွင်းစဉ်းစားခြင်းဖြင့် တင်ပို့ခွင့်ပြုချက်လုပ်ငန်းစဉ်ကို လွယ်ကူချောမွေ့စေရန် စီစဉ် ထားပြီး ပမာဏနှင့် သုံးစွဲသူသီးသန့်တင်ပို့မှုစနစ် (customer-specific exports system)မှ ဖယ်ရှားသွားမည်ဖြစ်သည်။ ဥပမာအားဖြင့် ကုမ္ပဏီတစ်ခုသည် ယခင်နှစ်က ပါရာစီတမော (Paracetamol) ဆေးပြား သန်း ၁၀၀ ကို တင်ပို့ခဲ့ပါက ယခုနှစ်တွင် ထိုပမာဏအတွက် "ခြုံငုံ" ကန့်ကွက်မှုမရှိကြောင်း ထောက်ခံစာ (NOC) ရရှိရန် အရည်အချင်းပြည့်မှီလာမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။ သို့သော်လည်း အဆိုပါ ထောက်ခံစာသည် အိန္ဒိယနိုင်ငံ ပြည်တွင်းတွင် ရောင်းချခွင့်မရှိဘဲ တင်ပို့ရန်အတွက်သာ ခွင့်ပြုထားသော ဆေးဝါးထုတ်ကုန် များ အတွက်သာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း စတင်မိတ်ဆက်ရန် မျှော်လင့်ထားသည့် ရိုးရှင်းသော တင်ပို့မှုဆိုင်ရာ စည်းမျဉ်းများသည် ထိန်းချုပ်ရေးဗဟိုအဖွဲ့မှ ထုတ်ပေးသော NOC အရေအတွက်ကို ထက်ဝက်ခန့် လျှော့ချပေးနိုင်မည်ဖြစ်ကြောင်းနှင့် ဌာနအနေဖြင့် ပြီးခဲ့သည့် ၈ လအတွင်း NOC အရေအတွက် ၁၀,၀၀၀ ထုတ်ပေးခဲ့သည်နှင့် နှိုင်းယှဉ်ပါက လျှော့ကျသွား ဖွယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာ့ဆေးဝါးအများဆုံးကို ထုတ်လုပ်တင်ပို့လျက်ရှိသော အိန္ဒိယနိုင်ငံသည် အမေရိကန် ပြည်ထောင်စုတွင် အသုံးပြုသော ယေဘုယျဆေးဝါးများ (generic medicines) ၏ ၄၀%၊ ဗြိတိန်နိုင်ငံတွင် အသုံးပြုသော ဆေးဝါးစုစုပေါင်း၏ ၂၅% နှင့် အာဖရိက နိုင်ငံအများ အပြားတွင်ရှိသော ဆေးဝါးအားလုံး၏ ၉၀% ကျော်ကို ထောက်ပံ့ပေးလျက်ရှိကြောင်း မစ္စတာ Raghuvanshi က ပြောကြားခဲ့သည်။

ထို့အပြင် ထိန်းချုပ်ရေးဗဟိုအဖွဲ့အနေဖြင့် သုတေသနလုပ်ငန်းများ စတင် ဆောင်ရွက် ရန်အတွက် လိုင်စင်လိုအပ်ချက်အချို့ကို ဖယ်ရှားပေးသွားမည်ဖြစ်ပြီး နိုင်ငံအတွင်း စမ်းသပ် ခြင်း၊ စစ်ဆေးခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့တွင် အသုံးပြုသော ဆေးဝါးများအတွက် ထုတ် လုပ်မှု လုပ်ငန်းစဉ်ကို ရိုးရှင်းစေမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးများသည် ဂမ်ဘီယာ၊ ဥဇဘက်ကစ္စတန်နှင့် ကင်မရွန်းနိုင်ငံတို့တွင် ကလေးငယ်များ သေဆုံးမှုနှင့် ဆက်စပ်နေသောကြောင့် အိန္ဒိယနိုင်ငံ ၏ ဆေးဝါးထိန်းချုပ်ရေးအဖွဲ့များသည် ဒေါ်လာ ၄၂ ဘီလီယံတန်ဖိုးရှိသော လုပ်ငန်းကဏ္ဍကို ကြီးကြပ်ရန် ဖိအားများရှိနေသည်။ အဆိုပါလုပ်ငန်းကဏ္ဍကို ကုမ္ပဏီငယ်များက လွှမ်းမိုးထား ကြောင်း သိရသည်။

အဆိုပါထိန်းချုပ်ရေးဗဟိုအဖွဲ့သည် ထုတ်လုပ်သူများနှင့် ၎င်းတို့၏ ထောက်ပံ့ရေး ကွင်းဆက်များအပါအဝင် သက်ဆိုင်ရာအချက်အလက်အားလုံးကို တစ်ခုတည်းသော အချက် အလက်ဘဏ်တစ်ခုတွင် ရယူစုဆောင်းမည့် ဒစ်ဂျစ်တယ်ဆေးဝါးထိန်းချုပ်ရေးစနစ်သစ် တစ်ခု တည်ဆောက်ရန် ရူပီး ၁ ဘီလီယံ (ဒေါ်လာ ၁၁.၅ သန်း) ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း မစ္စတာ Raghuvanshi က ပြောကြားခဲ့သည်။

သို့ပါ၍ မြန်မာနိုင်ငံအနေဖြင့်လည်း အိန္ဒိယနိုင်ငံမှ ဆေးဝါးများကို ဝယ်ယူ တင်သွင်းရာ တွင် အိန္ဒိယနိုင်ငံ ဆေးဝါးထိန်းချုပ်ရေးဗဟိုအဖွဲ့၏ တင်ပို့မှုလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေ ရေး ဆောင်ရွက်မည့် မူဝါဒအစီအစဉ်ကြောင့် ယခင်ကထက် တင်သွင်းမှု လွယ်ကူအဆင် ပြေနိုင်မည် ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source:       The Hindu Businessline, India’s drug regulator to simplify export process, ease workload, February 27, 2025.

စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့။

Category: International News