International News

တရုတ်နိုင်ငံ၌ တောင်အာဖရိကမှ ထောပတ်သီးများအတွက် စျေးကွက်အလားအလာများနှင့်ပတ်သက်၍ အွန်လိုင်းဆွေးနွေးပွဲကျင်းပခဲ့

Last Updated:

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် တောင်အာဖရိမှ ပထမဆုံး တင်ပို့ခဲ့သည့် ထောပတ်သီး များသည် တရုတ်ဈေးကွက်သို့ ရောက်ရှိခဲ့ပြီး ထောပတ်သီးတင်ပို့မှုကို စတင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၂၀)ရက်နေ့တွင် International Fresh Produce Association မှ တောင်အာ ဖရိက ထောပတ်သီးများအတွက် အွန်လိုင်းဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ကြောင်း၊ အဆိုပါပွဲသို့ တောင်အာဖရိကထောပတ်သီးလုပ်ငန်းမှ ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံမှ တင်သွင်းသည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တရုတ်နိုင်ငံတွင် တောင်အာဖရိက ထောပတ်သီးများ၏ ဈေးကွက်ရရှိမှုအခြေအနေ၊ အကျိုးအမြတ်များသော တရုတ်ဈေးကွက်အတွင်း လက်ရှိထောပတ် သီး ဈေးကွက်အလားအလာနှင့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

South African Subtropical Growers' Association (Subtrop) ၏ CEO ဖြစ်သူ Derek Donkin က လက်ရှိတွင် တောင်အာဖရိကနိုင်ငံတွင် စုစုပေါင်း ထောပတ်သီး စိုက်ပျိုးဧရိယာ ဟက်တာ (၂၀,၈၀၀)ရှိပြီး နှစ်စဉ် ဟက်တာ (၈၀၀)ခန့် တိုးချဲ့လျက်ရှိကြောင်း၊ နှစ်စဉ် ထုတ်လုပ်မှု မက်ထရစ်တန်ချိန် (၁၆၀,၀၀၀)ဝန်းကျင်ရှိပြီး တင်ပို့မှုမှာ တစ်နှစ်လျှင် မက်ထရစ်တန် (၈၀,၀၀၀) ခန့်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ထောပတ်သီးတင်ပို့မှုပမာဏသည် ၂၀၁၈ တွင်စံချိန်တင်ခဲ့သည့် ပမာဏနှင့် တူညီပြီး တင်ပို့မှုမှာ လာမည့်နှစ်များတွင် ဆက်လက်တိုးလာမည်ဟု ခန့်မှန်းထား ကြောင်း၊ လက်ရှိတွင် တောင်အာဖရိကမှ ထောပတ်သီး တင်ပို့မှု၏ (၉၇) ရာခိုင်နှုန်းခန့်ကို ဗြိတိန်၊ ဥရောပနှင့် ရုရှားနိုင်ငံတို့သို့ တင်ပို့လျက်ရှိကြောင်း၊ ထွန်းသစ်စဈေးကွက်တစ်ခုအနေဖြင့် တရုတ် နိုင်ငံသည် တောင်အာဖရိက ထောပတ်သီးလုပ်ငန်းအတွက် အနာဂတ်တွင် မဟာဗျူဟာမြောက် အရေးပါသောဈေးကွက်ဖြစ်လာကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တောင်အာဖရိက၏ ထောပတ်သီးရာသီသည် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိဖြစ်ပြီး တင်ပို့သည့်ရာသီမှာ မတ်လမှ နိုဝင်ဘာလအထိကြာမြင့်ကြောင်း၊ မှည့်သည့်အခါ အခွံအညိုရောင် ရှိသော Hass မျိုးကွဲများနှင့်မတူဘဲ Fuerte၊ Pinkerton၊ Ryan နှင့် Reed ကဲ့သို့သော တောင်အာဖရိကရှိ အစိမ်းရောင်အခွံရှိသော ထောပတ်သီးမျိုးကွဲများသည် အပြည့်အဝ မှည့်သည့် တိုင် အခွံမှာ အစိမ်းရင့်ရောင်ပင်ဖြစ်ကြောင်း၊ ထို့အပြင် အဆိုပါထောပတ်သီးများသည် Hass ထောပတ်သီးများနှင့် နှိုင်းယှဉ်ပါက အခွံသည်ပိုမိုပါးလွှာပြီး အရွယ်အစားပိုကြီးကာ ချိုမြိန်သော အရသာရှိသောကြောင့် စားသုံးသူများက ရွေးချယ်လာကြကြောင်း၊ တောင်အာဖရိကမှ အခွံစိမ်း ထောပတ်သီးများကို ယခင်က ဥရောပသို့ အဓိက တင်ပို့ခဲ့သော်လည်း ယခုအခါ တရုတ် ဈေးကွက်တွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

Westfalia Fruit မှ အာဖရိကတိုက်၏ ကူးသန်းရောင်းဝယ်ရေးဒါရိုက်တာ Hans Boyum က ၂၀၂၄ ခုနှစ်တွင် တောင်အာဖရိကမှ ထောပတ်သီးများကို တရုတ်နိုင်ငံသို့ ပထမဆုံး တင်ပို့ ရောင်းချခဲ့ပြီးနောက် Westfalia သည် ၂၀၂၅ ရာသီတွင် တရုတ်ဈေးကွက်သို့ ရောင်းချရန် အလား အလာကောင်းသည်ဟု ယုံကြည်ကြောင်း၊ လတ်ဆတ်သော ထောပတ်သီးများအပြင် Westfalia သည် အေးခဲထားသော ထောပတ်သီးများ၊ guacamole နှင့် အမြန်အေးခဲထားသော ထောပတ် သီးတုံးငယ်များ အပါအဝင် ထောပတ်သီးထုတ်ကုန်အမျိုးမျိုးကို ဖောက်သည်များ၏ လိုအပ်ချက် နှင့် ကိုက်ညီမှုရှိစေရန် ချိန်ညှိဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

ထုတ်လုပ်မှုပိုင်းတွင် တောင်အာဖရိကမှ ထောပတ်သီးလုပ်ငန်းသည် တရုတ်ဈေးကွက်ကို အလွန်အလားအလာကောင်းသည်ဟု ရှုမြင်ကြောင်း၊ The Fruit Farm Group ၏ CEO ဖြစ်သူ Trevor Dukes က ၎င်းတို့ကုမ္ပဏီသည် ထုပ်ပိုးမှုစက်ရုံ (၄)ခုကို လုပ်ဆောင်နေပြီး ကိုယ်ပိုင် ထောပတ်သီး စိုက်ပျိုးသည့်မြေ ဟက်တာ(၄၀၀)ခန့်ရှိသည့်အပြင် မိတ်ဖက်စိုက်ပျိုးရေးခြံ ဟက်တာ (၂၅၀၀)ခန့်နှင့် မိတ်ဖက်ထုပ်ပိုးမှု စက်ရုံ (၁၀)ခုကျော်တို့ဖြင့် လုပ်ငန်းလည်ပတ်လျက် ရှိကြောင်း၊ ထိုသို့ကျယ်ပြန့်သည့် ကွန်ရက်ရှိခြင်းကြောင့် ၎င်းတို့ကုမ္ပဏီသည် ထုတ်လုပ်မှုရာသီ တစ်လျှောက်လုံး ထောပတ်သီးများကို ဆက်တိုက်ရောင်းချနိုင်ခြင်းဖြစ်ကြောင်း၊ Fruit Farm Group သည် နှစ်စဉ် ထောပတ်သီး မက်ထရစ်တန်ချိန် (၂၅,၀၀၀)ခန့် တင်ပို့လျက်ရှိပြီး အများဆုံး တင်ပို့သည့်ကာလမှာ မတ်လမှ အောက်တိုဘာလအထိဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သရှိရ ပါသည်။

၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံတွင် ရုံးခန်းဖွင့်လှစ်ခဲ့သည့် Halls သည် တရုတ်ဈေးကွက် တွင် အလားအလာကောင်းများ ရှိနေသည်ကို အသိအမှတ်ပြုထားပြီး Halls China ၏ အထွေ ထွေမန်နေဂျာ Yu Lifan က တရုတ်ဈေးကွက်သည် တောင်အာဖရိက ထောပတ်သီးများအတွက် စံပြဖြစ်ကာ အခြားအာရှဈေးကွက်များသို့ ဆက်လက်ချဲ့ထွင်နိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

International Fresh Produce Association မှ တရုတ်နိုင်ငံမှ မန်နေဂျာ Mabel Zhuang ၏ ဆွေးနွေးချက်အရ လွန်ခဲ့သည့်ငါးနှစ်အတွင်း တရုတ်နိုင်ငံ၏ ထောပတ်သီးတင်သွင်းမှုသည် အတက် အကျရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် မက်ထရစ်တန်ချိန်(၆၅,၅၅၈)အထိ စံချိန်တင်မြင့် တက်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် မက်ထရစ်တန်ချိန်(၄၈,၉၈၄)သို့ ကျဆင်းသွားခဲ့ကြောင်း၊  ၂၀၂၄ ခုနှစ် တွင် တရုတ်နိုင်ငံသို့ ထောပတ်သီးတင်ပို့သည့် ထိပ်တန်း(၅)နိုင်ငံမှာ ပီရူး၊ ချီလီ၊ ကင်ညာ၊ နယူး ဇီလန်နှင့် မက္ကဆီကိုတို့ဖြစ်ကြောင်း၊ ပီရူးသည် စျေးကွက်ဝေစု၏ (၇၁)% ကျော်ဖြင့် အများဆုံး ရောင်းချသူအဖြစ် ရပ်တည်ခဲ့ပြီး အာဖရိကနိုင်ငံများဖြစ်သည့် ကင်ညာ၊ တန်ဇန်းနီးယားနှင့် တောင်အာဖရိကတို့ကလည်း ဈေးကွက်အတွင်း၌ အသိအမှတ်ပြုမှုရရှိလာကြောင်း သိရှိရပါ သည်။

Dole China မှ အကြီးတန်း ထုတ်ကုန်မန်နေဂျာ Scott Lu သည် တရုတ်ဈေးကွက်တွင်  ထောပတ်သီးစားသုံးမှု၏ (၉၀)%သည် အိမ်ထောင်စုများမှ စားသုံးသူများဖြစ်ကြောင်း၊ အဆိုပါ စားသုံးသူများသည် ပုံမှန်အားဖြင့် ထောပတ်သီးအရည်အသွေး၊ ကျန်းမာရေးအကျိုး ကျေးဇူးများ ကို အလေးထားကြကြောင်း၊ ထောပတ်သီးကို အဓိကအားဖြင့် ကလေးအစားအစာပြင်ဆင်ခြင်း၊ နံနက်စာအဖြစ်စားသုံးခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်း (သို့မဟုတ်) ကျန်းမာကြံ့ခိုင်စေခြင်းနှင့် အလှအပအတွက်အသုံးပြုခြင်းများ ပါဝင်ကြောင်း သိရှိရပါသည်။

Lu ၏ ဆွေးနွေးချက်အရ အရွယ်အစားအားဖြင့် အလုံးအသေးနှင့် အလယ်အလတ်အရွယ် ထောပတ်သီးများသည် အလုံးကြီးများထက် လက်ကားဈေးများတွင် ပို၍ လူကြိုက်များကြောင်း၊ (၁၄)၊ (၁၆) နှင့် (၁၈)ကဲ့သို့သော အရွယ်အစားကြီးများကို စူပါမားကတ်များသို့ အဓိက ရောင်းချ ပေးလျက်ရှိပြီး ၊ (၂၀)၊ (၂၂)နှင့် (၂၄) အပါအဝင် အလတ်စားထောပတ်သီးများကို လက်လီနှင့် လက်ကားဈေးကွက်များက နှစ်သက်ကြကြောင်း၊ အလုံးသေးသော ထောပတ်သီးများကို အဓိက အားဖြင့် လက်လီ၊ e-commerce နှင့် လက်ကားရောင်းချမှုလမ်းကြောင်းများမှတစ်ဆင့် ဖြန့်ဖြူး လျက်ရှိကြောင်း သိရှိရပါသည်။

လက်ရှိတွင် တရုတ်ဈေးကွက်ရှိ ထောပတ်သီးဈေးနှုန်းများကို ရောင်းလိုအားပမာဏနှင့် ရောင်းလိုအားနှင့် ဝယ်လိုအား မျှချေအနေအထားက လွှမ်းမိုးထားကြောင်း၊ စျေးနှုန်းများသည် ပုံမှန်အားဖြင့် ရောင်းလိုအား အကန့်အသတ်ရှိသည့် ကာလများအတွင်း မြင့်တက်ပြီး ‌ထောပတ် သီး တင်ပို့သည့်ရာသီများတွင် ကျဆင်းလေ့ရှိကြောင်း၊ ထို့အပြင် တောင်အာဖရိကနှင့် ပီရူးတို့မှ ထောပတ်သီးထွက်ရှိသည့်ကာလများ တူညီနေခြင်းကြောင့် တင်ပို့မှုအမြင့်ဆုံးကာလများအတွင်း ပြိုင်ဆိုင်မှု ပြင်းထန်လာကြောင်း၊ တောင်အာဖရိက ထောပတ်သီးများသည် တရုတ်ဈေးကွက် အတွက် အသစ်ဖြစ်သောကြောင့် အမှတ်တံဆိပ်အသိအမှတ်ပြုမှု အပြည့်အဝရရှိရန် အချိန် အနည်းငယ်ယူရမည်ဟု မျှော်လင့်ရကြောင်း သိရှိရပါသည်။

ဆွေးနွေးပွဲတွင် Mr. Avocado ၏ ဒုတိယဥက္ကဌ Grace Shi က တရုတ်ဈေးကွက်တွင် တောင်အာဖရိက ထောပတ်သီးများအတွက် အားသာချက်များကို ခူးဆွတ်သည့်ရာသီ၊ အရည် အသွေးနှင့် တင်ပို့ချိန်တို့အရ ဆွေးနွေးခဲ့ကြောင်း၊ တောင်အာဖရိက၏ ထောပတ်သီးရာသီသည် ထွက်ရှိချိန်စောပြီး အချို့သောမျိုးကွဲများကို သီတင်းပတ် (၁၀)ပတ်တွင် ရရှိနိုင်ရာ သီတင်းပတ် (၅)ပတ် နှင့် (၁၈) ပတ်အကြားတွင် ချီလီ၏ထောပတ်သီးသည် ရာသီကုန်ခါနီးဖြစ်၍ တောင် အာဖရိက ထောပတ်သီးများအတွက် အခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိကြောင်း၊ သို့သော် လည်း မေလမှ သြဂုတ်လအထိ တောင်အာဖရိကနှင့် ပီရူးတို့၏ ထောပတ်သီးထွက်ရှိသည့် ကာလများ တူညီနေရာ ပီရူးမှ စျေးနှုန်းသက်သာသည့် ထောပတ်သီးများသည် စျေးကွက် တည်ငြိမ်မှုကို ထိခိုက်နိုင်ပြီး တောင်အာဖရိကထောပတ်သီးများ၏ ဝယ်လိုအားကို လျော့နည်း သွားစေနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တောင်အာဖရိက ထောပတ်သီးများသည် အရည်အသွေးပိုင်းတွင် အားသာချက်ရှိပြီး  ဥယျာဉ်ခြံ အများစုသည် အများအပြားစိုက်ပျိုးလုပ်ကိုင်ကြပြီး ခေတ်မီစိုက်ပျိုးနည်းစနစ်များကို အသုံးပြုကြကြောင်း၊ ၎င်းတို့၏ ခူးဆွတ်ပြီးနောက်ထိန်းသိမ်ထားသိုခြင်းနှင့် ထုပ်ပိုးခြင်းလုပ်ငန်း စဉ်များသည် ကောင်းမွန်ပြီး စနစ်တကျရှိကြောင်း၊ ဆန့်ကျင်ဘက်အနေဖြင့် ပီရူးနိုင်ငံ၏ အမြင့် ပိုင်းဒေသများရှိ ထောပတ်သီးစိုက်ပျိုးသည့်ခြံငယ်များသည် ထိန်းသိမ်ထားသိုရာတွင် ကျွမ်းကျင်မှု နည်းသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရလေ့ရှိကြောင်း၊ တောင်အာဖရိကထောပတ်သီးများ၏ အရည်အသွေးမြင့်မားမှုကြောင့် တရုတ်ဈေးကွက်တွင် အမှည့်နှင့် လက်လီရောင်းချရန်အတွက် အထူးသင့်လျော်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သင်္ဘောတင်ချိန် တိုတောင်းခြင်းကလည်း တောင်အာဖရိက၏ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမို တိုးတက်စေကြောင်း၊ တောင်အာဖရိကမှ တရုတ်ဆိပ်ကမ်းများသို့ ပင်လယ်ရေကြောင်းမှ ကုန်စည်ပို့ဆောင်မှုသည် ပျမ်းမျှအားဖြင့် (၂၂)ရက်သာ ကြာသော်လည်း ပီရူးနှင့် ချီလီတို့မှ တင်ပို့မှု သည် ပုံမှန်အားဖြင့် ရက်ပေါင်း(၄၀)မှ (၄၅)ရက်အထိ ကြာမြင့်ကြောင်း၊ ထောက်ပံ့ပို့ဆောင်ရေး အားသာချက်ကြောင့် တောင်အာဖရိကမှ ထောပတ်သီးများသည် တရုတ်ဈေးကွက်သို့ ရောက်ရှိ ချိန်တွင် ပို၍လတ်ဆတ်သည့် အရည်အသွေးရှိကြောင်း သိရှိရပါသည်။

Source: https://www.producereport.com/article/online-seminar-analyzes-market-prospects-south-african-avocados-china

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News