တရုတ်နိုင်ငံ၏ နွေဦးပွဲတော်စျေးဝယ်ရာသီအတွင်း လူသုံးကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားမှု ဆိုင်ရာအစီအစဉ်များ အလွန်ရေပန်းစားလျက်ရှိကြောင်း၊ မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များ၊ စမတ် နာရီများပါဝင်သည့် ကုန်စည်ရောင်းဝယ်ရေးဆိုင်ရာအစီအစဉ်များ သိသာစွာ ချဲ့ထွင်ပြီးနောက် ဇန်နဝါရီ လ ၂၀ ရက်မှ စတင်ကာ လေးရက်တာကာလအတွင်း အီလက်ထရွန်နစ်စက်ပစ္စည်း ၁၀.၇၉ သန်း အတွက် ထောက်ပံ့ကြေးလျှောက်လွှာများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ခံ ရရှိခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၃ ရက်အထိ မော်တော်ယာဥ် အစီးရေ ၃၄၀၀၀ ယူနစ်နှင့် အိမ်သုံး ပစ္စည်းရောင်းဝယ်မှု ၁.၀၄ သန်း ယူနစ် အသီးသီးရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဆိုအရသိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၊ ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ အဆိုပါ နွေဦး ပွဲတော်ရာသီတွင်း ဝယ်လိုအားတိုးမြှင့်လာစေရေးအတွက် ဈေးဝယ်ပရိုမိုးရှင်း အစီအစဉ်များနှင့်အတူ ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း၊ ယခင်နှစ်ကလည်း အဆိုပါအစီအစဉ်များမှာ တရုတ်နိုင်ငံ၏ စားသုံးသူ ဈေးကွက်အတွင်း ရေပန်းစားပြီး စားသုံးသူများ၏ စိတ်ပါဝင်စားမှုကိုမြှင့်တင်ပေးသဖြင့် လက်လီ ရောင်းချမှုများတွင် တည်ငြိမ်မှုများ ရရှိခဲ့ကြောင်းသိရှိရပါသည်။
၂၀၂၄ ခုနှစ်တွင် ဓာတ်ဆီသုံးနှင့် လျှပ်စစ်ကားများအပါအဝင် ကားအစီးရေ ၆.၈ သန်းကျော် ရောင်းဝယ်ခဲ့ကြောင်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်နှင့် ကွန်ပျူတာကဲ့သို့ အိမ်သုံးပစ္စည်း ၅၆ သန်းကျော်နှင့် လျှပ်စစ်စက်ဘီး အစီးရေ ၁.၃၈ သန်းကျော်ကို အဆိုပါအစီအစဉ်အောက်မှ ရောင်းချ ခဲ့ကြောင်းကိုလည်း သိရှိရပါသည်။
ယခင်နှစ်က အဆိုပါ အစီအစဉ်အောက် အကျုံးဝင်သော ထုတ်ကုန်များ၏ စုစုပေါင်းရောင်းချမှု တန်ဖိုးသည် ယွမ် ၁.၃ ထရီလီယံ (ဒေါ်လာ ၁၈၀ ဘီလီယံ) ရှိကာ ထိပ်ဆုံးမှရပ်တည်ခဲ့ကြောင်း၊ ခိုင်မာသည့် စျေးကွက်လှုံ့ဆော်နိုင်မှုနှင့် အလားအလာကောင်းများကို မီးမောင်းထိုးပြခဲ့ကြောင်း၊ အထူးသဖြင့် စွမ်းအင်သုံးယာဉ်များ (NEV) နှင့် စွမ်းအင်သက်သာသော စက်ပစ္စည်းအသစ် ဝယ်ယူမှုများ သိသိသာသာ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
ကုန်သွယ်မှုအစီအစဉ်သည် စားသုံးမှုအရှိန်အဟုန်ကို ပြန်လည်အသက်သွင်းခဲ့ပြီး ရေရှည် တည်တံ့သည့်စီးပွားရေးပုံစံမြှင့်တင်ခြင်း၊ စားသုံးသူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ခြင်း များဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
မကြာမီကာလများက စားသုံးသူများ၏ သုံးစွဲမှုများမှာ စီးပွားရေးအတွက် အရေးကြီးသော တွန်းအားတစ်ခုဖြစ်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် နောက်ဆုံးအချက်အလက်များအရ စားသုံးသူ သုံးစွဲမှု အသုံးစရိတ်သည် စီးပွားရေးတိုးတက်မှု၏ ၄၄.၅ ရာခိုင်နှုန်း၊ GDP ကို ၂.၂ ရာခိုင်နှုန်းဖြင့် မြှင့်တင်ပေး ခဲ့ကြောင်း၊ ထို့ကြောင့် ယခုကာလ စီးပွားရေးပုံစံတွင် စားသုံးမှုသည် ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ပို့ကုန် များထက် ပိုမိုအရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ဖော်ပြထားသည်ဟုလည်း သိရှိရ ပါသည်။
တရုတ်နိုင်ငံရှိ စားသုံးသူပုံစံ လမ်းကြောင်းသစ်များဖြစ်သည့် ခရီးသွားလုပ်ငန်း ပြန်လည် တိုးမြှင့်လာခြင်းနှင့် ဒစ်ဂျစ်တယ်ဖျော်ဖြေရေး၊ အွန်လိုင်းပညာရေးနှင့် တိုက်ရိုက်ထုတ်လွှင့်သည့် e-commerce တို့မှာ အရှိန်အဟုန်ဖြင့် တိုးတက်မှုများရရှိခဲ့ကြောင်း၊ စွမ်းအင်သုံးကိရိယာများနှင့် NEV ကဲ့သို့သော အစိမ်းရောင်ထုတ်ကုန် နယ်ပယ်သစ်တိုးတက်မှုများ ပေါ်ထွက်ခဲ့ကြောင်းလည်း သိရှိရ ပါသည်။
၂၀၂၅ ခုနှစ်တွင် စားသုံးမှုပုံစံတိုးတက်ရေး ပံ့ပိုးပေးရန်မှာ အစိုးရ၏ ထိပ်တန်းဦးစားပေးအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သော Central Economic Work Conference တွင် တရုတ်နိုင်ငံ၏ မူဝါဒချမှတ်သူများက ၂၀၂၅ ခုနှစ်အတွက် စီးပွားရေး ပုံဖော်မှုများ၌ သုံးစွဲမှုကို မြှင့်တင်ရန်၊ ပြည်တွင်းဝယ်လိုအားကို နယ်ပယ်အားလုံးတွင် တိုးချဲ့ရန် လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
စားသုံးမှုမြှင့်တင်ရေးကြိုးပမ်းမှု တစ်စိတ်တစ်ဒေသအနေဖြင့် တရုတ်နိုင်ငံသည် ကုန်သွယ်မှု အစီအစဉ်များ တိုးချဲ့ခဲ့ကြောင်း၊ စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် စမတ်နာရီများ အပါအဝင် အစိုးရက အရည်အသွေးပြည့်မီသော အိမ်သုံးပစ္စည်းအမျိုးအစား အရေအတွက်(၈)မျိုးမှ (၁၂) မျိုး အထိတိုးမြှင့်ခဲ့ပြီး အစီအစဉ်တွင်း ခရီးသည်တင်ယာဉ်များနှင့်စပ်လျဉ်း၍လည်း များစွာ ထည့်သွင်းထား ကြောင်း၊ ယခုနှစ် အစီအစဉ်အတွက် ပထမအကြိမ်ရန်ပုံငွေအတွက် ယွမ် ၈၁ ဘီလီယံခန့် ခွဲဝေ ချထားပေးခဲ့ကြောင်း၊ အစိုးရမှ ထောက်ပံ့ကြေးများ လျင်မြန်စွာ ချထားပေးနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ဒေသဆိုင်ရာအာဏာပိုင်များအနေဖြင့် အဆိုပါကုန်သွယ်မှုအစီအစဉ်အတွက် အစီအမံများကို တက်ကြွစွာဆောင်ရွက်လျက်ရှိကြောင်း၊ ဥပမာအားဖြင့် ရှန်းတုန်းပြည်နယ်သည် မော်တော်ကားနှင့် စက်သုံးပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းအတွက် အစပျိုးဆောင်ရွက်မှု ၁၀ ခုကို စတင် ဆောင်ရွက်ခဲ့ကြောင်း၊ ကျန်းစုပြည်နယ်သည် စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် Bluetooth နားကြပ်များအတွက် ထောက်ပံ့မှု အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကွေ့ကျိုး ပြည်နယ်တွင် ထောက်ပံ့ကြေးလျှောက်ထားခြင်းလုပ်ငန်းစဉ် ချောမွေ့စေရန် အွန်လိုင်းပလက်ဖောင်း တစ်ခုကို တည်ထောင်ထားကြောင်း သိရှိရပါသည်။
ထိုသို့ ကူညီဆောင်ရွက်ပေးသည့် အစီအစဉ်များဖြင့် နိုင်ငံ၏စီးပွားရေးခိုင်မာမှု၊ တည်ငြိမ်မှုနှင့် အလားအလာကောင်းကိုပြသကာ ယခုနှစ်၏ စားသုံးသူ သုံးစွဲမှုများ ဆက်လက်တိုးတက်ရန် မျှော်မှန်းထားသည်ဟု ကျွမ်းကျင်သူများက ပြောကြားထားကြောင်းကိုလည်း သိရှိရပါသည်။
Source: https://www.chinadaily.com.cn/a/202501/30/WS679ab63ca310a2ab06ea9bbd.html
စီးပွားရေးသံမှူး ၊ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ