အာဆီယံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်မှန်း ဆောင်ရွက်နေသည့် ဟောင်ကောင်ဒေသသည် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်နိုင်ရန်နှင့် ကုန်သွယ်မှု ကွန်ရက်ချဲ့ထွင်ရန် လုပ်ဆောင်လျက်ရှိသည်ဟု Hong Kong Business သတင်းဌာနမှ ၂၀၂၅ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၂၇ ရက်တွင် “Hong Kong strengthens ties with Global South markets” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။
ဟောင်ကောင်ဒေသအနေဖြင့် မလေးရှားနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့တွင် စီးပွားရေးနှင့် ကုန်သွယ်ရေးရုံးများ ဖွင့်လှစ်သွားနိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း၊ ထို့ပြင် ဟောင်ကောင်ဒေသ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်သည့် InvestHK မှလည်း အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့နှင့် တူရကီနိုင်ငံ၊ Izmir မြို့တို့တွင် အတိုင်ပင်ခံရုံးများဖွင့်လှစ်ခဲ့ပြီး၊ ကုန်သွယ်မှုမြှင့်တင် ရေး အဖွဲ့အစည်းဖြစ်သည့် ဟောင်ကောင်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (HKTDC) ၏ အတိုင်ပင်ခံရုံးကို ကမ္ဘောဒီးယားနိုင်ငံတွင် ဖွင့်လှစ်ခဲ့ကြောင်း ဟောင်ကောင်ဒေသအစိုးရ၊ ဘဏ္ဍာ ရေးဝန်ကြီး၏ ၂၀၂၅-၂၀၂၆ ဘတ်ဂျက်မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။
အလားတူ ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်နှင့် ပီရူးနိုင်ငံတို့နှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ရေးအတွက် စူးစမ်းလေ့လာမှုများပြုလုပ်လျက်ရှိပြီး၊ အခွန်နှစ်ထပ်စည်းကြပ်မှုရှောင်ရှားရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ရေးအတွက် နိုင်ငံပေါင်း (၁၇) နိုင်ငံနှင့် ဟောင်ကောင်ဒေသတို့အကြား ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း ရေး သား ဖော်ပြထားပါသည်။
ရပ်ဝန်းနှင့် ပိုးလမ်းမဆောင်ရွက်ချက်အတွက် အရေးပါသည့် စင်္ကြံအဖြစ် ဟောင်ကောင် ဒေသ၏ ရပ်တည်မှုကို အရှိန်အဟုန်မြှင့်တင်နိုင်ရန် အာဆီယံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အလားတူ အာရှ အလယ်ပိုင်း၊ တောင်အာရှ၊ အာဖရိကမြောက်ပိုင်းတို့နှင့် စီးပွားရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ရှာဖွေဖော်ထုတ်သွားမည်ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။
ရပ်ဝန်းနှင့် ပိုးလမ်းမထိပ်သီးအစည်းအဝေးကို ဟောင်ကောင်ဒေသ၌ လာမည့်စက်တင်ဘာ လတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အစည်းအဝေးကာလအတွင်း ပူးပေါင်းဆောင်ရွက် မှု မြှင့်တင်နိုင်မည့် အခမ်းအနား အမျိုးမျိုးကို လက်ခံကျင်းပသွားနိုင်ရန် ဟောင်ကောင်ဒေသ အစိုးရအနေဖြင့် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
စီးပွားရေးသံမှူး၊ဟောင်ကောင်မြို့။