အမေရိကန်စိုက်ပျိုးရေးလုပ်ငန်းများသည် ၎င်း၏အဓိကဈေးကွက်ကြီးများဖြစ်သည့် ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်နိုင်ငံတို့အား အမေရိကန်သမ္မတက သွင်းကုန်ခွန်ဖြင့် ခြိမ်းခြောက်မှုအပေါ် အကောင်းဘက်မှရှုမြင်ရန် ကြိုးပမ်းလျက်ရှိကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ဖော်ပြ ထားပါသည်။
တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အကောက်ခွန် (၁၀) ရာခိုင်နှုန်းကောက်ခံခြင်းသည် ၄-၂-၂၀၂၅ ရက်တွင် အသက်ဝင်ခဲ့သော်လည်း ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့အပေါ် ကောက်ခံမည့် သွင်းကုန်ခွန်ကို နှစ်ဘက်ဆွေးနွေးပြီးနောက် ရက်(၃၀) အထိ ဆိုင်းငံ့ထားခဲ့ရာ အမေရိကန်နိုင်ငံသည် ကုန်သွယ်မှုနှင့်ပတ်သက်၍ ဆွေးနွေးလိုကြောင်း ပြသခြင်းဖြစ်သကဲ့သို့ ၂၀၂၄ ခုနှစ်တွင် ဝင်ငွေ ကျဆင်းခဲ့သည့် စိုက်ပျိုးရေးကဏ္ဍအပေါ် ဆိုးကျိုးများသက်ရောက်မှုမဖြစ်ပေါ်စေရန်လည်း ရှောင်လွှဲ လိုက်ခြင်းဖြစ်ကြောင်း၊ သွင်းကုန်ခွန်ကောက်ခံမည့်အမိန့်ထုတ်ပြန်ပြီးနောက် သီးနှံနှင့် မွေးမြူရေး ဆိုင်ရာ ထုတ်ကုန်များ၏ဈေးနှုန်းကျဆင်းခဲ့သော်လည်း ယင်းသွင်းကုန်ခွန်ကို ဆိုင်းငံ့ရန်သဘောတူပြီး နောက် ဈေးနှုန်းများပြန်လည်မြင့်တက်ခဲ့ကြောင်း၊ ထို့ကြောင့် အမေရိကန်အစိုးရ၏ သွင်းကုန်ခွန် ကောက်ခံရန်ခြိမ်းခြောက်မှုသည် ကုန်သွယ်ရေးဆွေးနွေးမှုများကို အရှိန်မြှင့်ဆောင်ရွက်လို၍ဖြစ် ကြောင်း ဖော်ပြထားပါသည်။
ချီကာဂိုကုန်သွယ်မှုအဖွဲ့၌ သီးနှံကြိုရောင်းစာချုပ်များ၏ဈေးနှုန်းသည် ၁-၁-၂၀၂၅ ရက်မှစ၍ မြင့်တက်ခဲ့ရာ ပြောင်းကြိုရောင်းစာချုပ်ဈေးနှုန်းသည် (၈) ရာခိုင်နှုန်း၊ ပဲပုပ်ကြိုရောင်းစာချုပ်ဈေးနှုန်း သည် (၆) ရာခိုင်နှုန်းနှင့် ဂျုံကြိုရောင်းစာချုပ်ဈေးနှုန်းသည် (၅) ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ပြီး ၄-၂-၂၀၂၅ ရက်နောက်ပိုင်းတွင်လည်း ဆက်လက်မြင့်တက်ခဲ့ပါသည်။ သမ္မတဒေါ်နယ်ထရမ့်၏ ပထမ အကြိမ်သမ္မတသက်တမ်းအတွင်း အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲ၌ အထူးသဖြင့် ပဲပုပ်ပို့ကုန် ကျဆင်းခဲ့ပါသည်။ တရုတ်နိုင်ငံသည် အမေရိကန်ပဲပုပ်ဝယ်ယူမှုအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သော် လည်း ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ပဲပုပ်ဝယ်ယူမှုသည် (၆၀) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်ဟု အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များက ဖော်ပြခဲ့ပါသည်။
တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံမှုအပေါ် တုံ့ပြန်သည့် တန်ပြန်သွင်းကုန်ခွန်ကောက်ခံမှုများပြုလုပ်ခဲ့သော်လည်း ယင်းတွင် စိုက်ပျိုးရေးကဏ္ဍထုတ်ကုန်များ မပါဝင်ဘဲ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက် မီးသွေးစသည့် ကုန်ပစ္စည်းများသာပါဝင်ပါသည်။ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲသည် ရှောင်လွှဲမရနိုင်သည့်အခြေအနေတစ်ရပ်ဖြစ်သော်လည်း အမေရိကန်စိုက်ပျိုးရေးလုပ်ငန်းရှင်များက ၂၀၂၅ ခုနှစ်သည် အကျိုးအမြတ်များနိုင်သည့် နှစ်တစ်နှစ်ဖြစ်နိုင်သည်ဟု အကောင်းဘက်မှရှုမြင် လျက်ရှိကြောင်း သိရှိရပါသည်။
(ဇစ်မြစ်။ Wall Street Journal)
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။