အမေရိကန်အစိုးရ၏ အမေရိကန်စာတိုက်လုပ်ငန်း (U.S. Postal Service, USPS) သည် တရုတ်နှင့် ဟောင်ကောင်တို့မှ စာနှင့်ပါဆယ်ထုပ်များကို ပြန်လည်လက်ခံမည်ဖြစ်ကြောင်းသတင်း အား The Washington Post အွန်လိုင်းသတင်း၌ ဖော်ပြခဲ့ပါသည်။
အမေရိကန်အစိုးရ၏ အမေရိကန်စာတိုက်လုပ်ငန်း USPS သည် တရုတ်နှင့် ဟောင်ကောင်တို့ မှ စာနှင့် ပါဆယ်ထုပ်များကို လက်ခံတော့မည်မဟုတ်ကြောင်း ၄-၂-၂၀၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းသို့ထုတ်ပြန်ပြီးနောက် နောက်တစ်ရက်တွင် (၂၄ နာရီတိုင်မီ) ပြန်လည်လက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် သွင်းကုန်ခွန် (၁၀) ရာခိုင်နှုန်း ထပ်တိုးကောက်ခံမှုနှင့် အမေရိကန်ဒေါ်လာ (၈၀၀) အောက် တန်ဖိုးနည်းသွင်းကုန်များ အတွက် အကောက်ခွန်ကင်းလွတ်ခွင့်ကို ရုပ်သိမ်းခြင်းသည် ၄-၂-၂၀၂၅ ရက်တွင် အသက်ဝင်ခဲ့ပြီး နောက် ယင်းသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ USPS သည် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး ဌာန (U.S. Customs and Border Protection, CBP) နှင့် ပူးပေါင်း၍ ပါဆယ်ထုပ်များ ပေးပို့ရာတွင် အနှောင့်အယှက်များမရှိစေရန် တရုတ်နိုင်ငံအပေါ် ချမှတ်ထားသည့် အကောက်ခွန်နှုူန်းအသစ်ကို ထိရောက်စွာကောက်ခံနိုင်ရေး အနီးကပ်ဆောင်ရွက်လျက်ရှိသည်ဟု USPS ၏ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်က ပြောကြားခဲ့ပါသည်။
USPS ၏ ဆောင်ရွက်ချက်သည် တရုတ်နိုင်ငံ၏ အွန်လိုင်းလက်လီအရောင်းဆိုင်များဖြစ်သည့် Shein နှင့် Temu တို့မှပစ္စည်းများ နှင့် Amazon မှ ပစ္စည်းအချို့ပို့ဆောင်မှုကို ခေတ္တနှောင့်နှေးစေ ခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ဆောင်မည့်ပစ္စည်းများသည် နှောင်းနှေးကြံ့ကြာလာ နိုင်ပြီး ပို့ခဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း၊ အမေရိကန်နိုင်ငံသို့ နေ့စဉ်ဝင်ရောက်လျက်ရှိသော ပါဆယ်ထုပ်များ၏ (၃၀) ရာခိုင်နှုန်းသည် Shein နှင့် Temu တို့မှဖြစ်ပြီး အမေရိကန်ဒေါ်လာ (၈၀၀) အောက်ရှိ တန်ဖိုးနည်းပစ္စည်းများ၏ ထက်ဝက်ခန့်သည် တရုတ်နိုင်ငံမှ ဖြစ်ကြောင်း သိရှိရပါသည်။
USPS မှ တရုတ်နှင့် ဟောင်ကောင်တို့မှ ပါဆယ်ထုပ်များကို လက်ခံရန်ဆိုင်းငံ့ခြင်းသည် ဆက်လက်အသက်ဝင်လျက်ရှိပါက USPS သည် တရုတ်နိုင်ငံမှ စာတိုက်လုပ်ငန်းဆိုင်ရာ အာဏာပိုင် များနှင့် တန်ဖိုးနည်းပစ္စည်းများကို အကောက်ခွန်ရှင်းလင်းမှုလုပ်ထုံးလုပ်နည်းများ ချမှတ်ရေးကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့ရာတွင် ပစ္စည်းရောင်းသူအချို့သည် အမေရိကန်စားသုံးသူများအား ငွေပေးချေစဉ် ခန့်မှန်းကျသင့်သည့်အခွန်ကို ဖြတ်တောက်လျက်ရှိသည်ဟု ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းပညာရှင်များက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
(ဇစ်မြစ်။ The Washington Post)
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။